Home
မြန်မာသတင်း
တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၃၀၀ နီးပါးကို ဖမ်းဆီး 
DVB
·
July 2, 2024
Photo-MOI

တာချီလိတ်နဲ့ မန္တလေးမှာ ဖမ်းဆီးရမိထားတဲ့ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၉၅ ဦးနဲ့ မြန်မာနိုင်ငံသား ၁၂ ဦးတို့ကို ဖမ်းဆီးထားပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ရေး စစ်ဆေးနေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဇွန် ၂၈ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းလမ်းက နေအိမ်တအိမ်မှာ တရုတ်နိုင်ငံသားတွေ ခိုအောင်းနေထိုင်ပြီး တရားမဝင်  အွန်လိုင်းလောင်းကစားနေတယ်လို့  သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဝင်ရှောက်ရှာဖွေရာမှာ နေအိမ်အတွင်း အထောက်အထားမရှိ တရားမဝင်ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၈၈ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၂၉၅ ဦးတို့ကို အွန်လိုင်း လောင်းကစားပြုလုပ်ရာမှာသုံးတဲ့ လက်ကိုင်ဖုန်းမျိုးစုံ အလုံး ၉၀၀ နဲ့ တခြားဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာလည်း ဇွန် ၂၇ ရက် မနက် ၁ နာရီခွဲမှာ  လုံခြုံရေးတပ်ဖွဲ့ဝင်‌တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ၆၁ လမ်းနဲ့ ၆၂ လမ်းကြား၊ ၁၁၇ လမ်းရှိ နေအိမ်တအိမ်မှာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ရှာဖွေရာမှာ အိမ်ပိုင်ရှင် ထင်ရှမ်းနဲ့ တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်းလုပ်ကိုင်နေကြတဲ့  ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ရပ်ကွက်နေ မန်နေဂျာ ရန်ဝင်းမြင့်၊ လောက်ကိုင်မြို့နယ် ကျုံးရှန်ကျေးရွာနေ ကြီးကြပ်လုပ်ကိုင်သူ လော်ကျင်းကျွမ်နဲ့ လောင်းကစားဂိမ်းဝန်ထမ်းတွေအပါအဝင် အမျိုးသား တဦး၊  အမျိုးသမီး ၈ ဦး စုစုပေါင်း အိမ်ရှင်အပါအဝင် တရားခံ ၁၂ ဦးတို့ကို အွန်လိုင်းလောင်းကစားပြုလုပ်ရာမှာ သုံးတဲ့  Laptop မျိုးစုံ ၆ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၆၃ လုံး၊ မြန်မာငွေစက္ကူ ကျပ်သိန်း ၁၁၀ နဲ့ တခြားဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အလားတူ တာချီလိတ်နဲ့တဘက်ခြမ်း ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ၆ ဦးပါ တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်းတခုကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံနည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး(ဆိုင်ဘာ) ရဲတပ်ဖွဲ့ကဇွန် ၂၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒွိုင်စကစ်မြို့နယ် ပါမျိန့်ရပ်ကွက်က နေအိမ် တအိမ်ထဲမှာ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၇ ဦး၊ မြန်မာနိုင်ငံသား ၆ ဦး စုစုပေါင်း ၁၃  ဦးတို့ကို ကွန်ပျူတာ ၉ လုံး၊ တရုတ်တယ်လီဖုန်းဆင်းမ်ကတ် ၉၀ ခု၊ တရုတ်နိုင်ငံဘဏ် ငွေစုစာအုပ်၊ ဖုန်းနဲ့ အင်တာနက်လိုင်းကူးပြောင်းကိရိယာ၊ စာရင်းအချက်အလက် မှတ်သားတဲ့စာအုပ် စသဖြင့် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ လိမ်လည်နည်းမှာ နှစ်ရှည်ငွေစုလုပ်ငန်း ဖြစ်တယ်၊ စုငွေအတိုးကို အစပိုင်းမှာ ပုံမှန်ပို့ပေးပြီး သားကောင်ရဲ့ စုငွေပမာဏများလာတဲ့အခါ အဆက်ဖြတ်ပြီး ငွေကို လိမ်ယူလိုက်တယ်၊ တဖက်သား ယုံကြည်အောင် အဖွဲ့လိုက် ချိတ်ဆက်လုပ်နေသယောင် ပြတယ်၊ အဓိက ပစ်မှတ်ထားတဲ့ သားကောင်ဟာ တရုတ်နိုင်ငံသားတွေလို့ ဆိုပါတယ်။

သူတို့ဟာ တရုတ်နိုင်ငံသားတွေအပေါ် လိမ်လည်တာဖြစ်ပေမဲ့လည်း ထိုင်းမြေကို အသုံးချပြီး တရားမဝင်လုပ်ငန်း၊ ရာဇဝတ်မှုလုပ်ငန်းတွေ လာလုပ်နေတာ လက်မခံနိုင်ကြောင်း၊ ဒါကြောင့် ထိရောက်စွာ အရေးယူသွားမယ်လို့  ဆိုင်ဘာရဲတပ်ဖွဲ့ တာဝန်ရှိ ရဲမှူးကြီးက ပြောသွားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013