မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မဒူတ ဘုန်းကြီးကျောင်းက ကိုရင်တပါး ပျံလွန်တော်မူပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထို သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က တိုက်ပွဲမရှိဘဲ ဇွန် ၂၉ ရက် ညနေ ၄ နာရီခွဲလောက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရေကျော်ကျေးရွာရှိ ဓမ္မဒူတဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဓမ္မဒူတဘုန်ကြီးကျောင်းဝန်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၀ နှစ်အရွယ် စာသင်သား ကိုရင် ရှင်သုစိတ္တ ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ လာရောက်လုပ်ကိုင်ပေးတဲ့ အသက် ၅၀ အရွယ် ဒေါ်သီတာချို ဒဏ်ရာရရှိခဲ့ပါတယ်။
သိမ်ဇရပ်ဒေသခံတဦးက “သိမ်ဇရပ်အမြောက်တပ်ကနေ အဲနေ့က လက်နက်ကြီး ၆ လုံးလောက်ပစ်တာ၊ တလုံးက ရေကျော် ဓမ္မဒူတဘုန်းကြီးကျောင်းထဲ ကျတာ။ စာသင်သားကိုရင်နဲ့ ဝေယျာဝစ္စ လာလုပ်ပေးတဲ့ အဒေါ်ကြီးတို့ ဒဏ်ရာရတာ။ ကိုရင်ကော အဒေါ်ကြီးကော ဆေးရုံပို့လိုက်ပေမဲ့ ကိုရင်က အဲညမှာပဲ ပျံလွန်တော်မူသွားတာ။ အဒေါ်ကြီးလည်း ဒဏ်ရာများတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ကိုရင် ရှင်သုစိတ္တနဲ့ ဒေါ်သီတာချိုတို့ကို ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတွေက သိမ်ဇရပ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ ကိုရင် ရှင်သုစိတ္တက ည ၆ နာရီကျော်မှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ ရေကျော် ဓမ္မဒူတဘုန်းကြီးကျောင်းထဲ ကျရောက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘုန်ကြီးတွေနဲ့ စစ်သားတွေကြား အချေအတင်ဖြစ်နေပြီး စစ်ကောင်စီဘက်က ဘုန်းကြီးကျောင်းကို ဖယ်ပေးဖို့အထိ ပြောနေတယ်လို့ ဓမ္မဒူတ ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ရေကျော် ဓမ္မဒူတ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ PDF တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပေမဲ့ PDF တပ်ဖွဲ့တွေဘက်ကတော့ ပြည်သူထိခိုက်တာတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ PDF ရဲဘော်တဦးက ပြောပါတယ်။
“သူတို့ကတော့ ဘယ်တော့မှ သူတို့လုပ်တယ်လို့ ဝန်မခံကြဘူး။ စစ်တပ်ကို သွားပစ်ရင်း ဘုန်းကြီးကျောင်းထဲကျတယ်လို့ သူတို့က ဝါဒဖြန့်ကြပေမဲ့ စစ်တပ်နဲ့ အဲ့နေရာက အဝေးကြီးပဲ။ ပြီးတော့ စစ်တပ်ကို ကျနော်တို့ သွားပစ်တာလည်း မရှိဘူး။ ပြည်သူ့အကျိုးစီးပွား ထိခိုက်စေတဲ့ကိစ္စမျိုး ကျနော်တို့မလုပ်ဘူး။”
ကျိုက်ထိုမြို့နယ်မှာ ဇွန် ၂၁ ရက်ကလည်း အမတ ၃၁၀ က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ခရွဲရွာ တောင်ကျောင်းဘုန်းကြီးကျောင်းပေါ်နဲ့ မုက္ခမော့ရွာ အောင်နဝင်းဘုန်းကြီးကျောင်းဘေး ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ကျောင်း ကျောင်းထိုင်ဆရာတော်၊ ဦးဇင်းတပါး၊ အဘိုးအိုတဦးနဲ့ အဘွားအိုတဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဘုန်ကြီးကျောင်းဆောင်တွေနဲ့ နေအိမ်တလုံး ပျက်စီးခဲ့ပါတယ်။
ဇွန် ၂၅ ရက်မှာလည်း အမတ ၃၁၀ က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ အခိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။