စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ အကျဉ်းထောင်မှာ စစ်တပ်ကလာပြီးတပ်စွဲထားတာကြောင့် အကျဉ်းထောင်အနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ရတယ်လို့ အကျဉ်းကျနေသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
သံတွဲအကျဉ်ထောင်ကို ဇွန် ၂၄ ရက်ကတည်းက စစ်တပ်က လာရောက် တပ်စွဲထားကြတာဖြစ်ပြီး လက်နက်ကြီးတွေ အထိုင်ချထားတယ်လို့လည်း သံတွဲမြို့ခံတွေက ပြောပါတယ်။
ထောင်ဒဏ် ချမှတ်ခံထားရတဲ့သူတဦးရဲ့ မိသားစုဝင်က “လေဆိပ်အသိမ်းခံရပြီးနောက် စစ်တပ်က အင်အား ၇၀ လောက်နဲ့ ထောင်အနီးမှာ တပ်စွဲထားတာရှိတယ်။ အရင်တုန်းက ဆိုရင် ထောင်ဝန်ထမ်းတွေပဲ သိပ်စိတ်ပူစရာမရှိဘူး။ အခုစစ်သားတွေ တပ်စွဲထားတာဆိုတော့ နှစ်ဖက်တိုက်ခိုက်မှုဖြစ်ပြီးတော့ အကျဉ်းကျခံနေရတဲ့ သူတွေအပေါ်မှာ မလိုလားတဲ့ ထိခိုက်မှုတွေရှိလာမှာကို စိုးရိမ်ရတယ်” လို့ပြောပါတယ်။
သံတွဲမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေကြပြီး စစ်တပ်က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေလည်း တိုးလာနေပါတယ်။
ထောင်အတွင်း တပ်စွဲလာတာဟာ စစ်ကောင်စီအနေနဲ့ အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ပြုလုပ်လာတာဖြစ်ပြီး လုံခြုံတဲ့ နေရာတွေကို ရွှေ့ပြောင်းထားဖို့ အရေးကြီးတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတဦးက ပြောပါတယ်။
“အကျဉ်းထောင်ဆိုတာက စစ်တပ်နဲ့ မဆိုင်ဘူး။ အကျဉ်းဦးစီက ထိန်းချုပ်ရမယ့် နေရာဖြစ်တယ်။ အခုသံတွဲမှာ စစ်တပ်က အကျဉ်းထောင်မှာလာပြီး တပ်စွဲတယ်ဆိုတာက AA က သူတို့ကို တိုက်ခိုက်လာမှာ သိတဲ့အတွက် အကျဉ်းသားတွေကို လူသားဒိုင်းကာသဖွယ်အသုံးပြုဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ အကျဉ်းသားတွေရဲ့ လုံခြုံမှုနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ လိုက်နာပြီးတော့ လုံခြုံတဲ့ နေရာကို ရွှေ့ပြောင်း ပေးရမှာဖြစ်တယ်။”
သံတွဲအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအပါဝင် အကျဉ်းသား ၂၀၀ ကျော် ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သံတွဲမြို့တွင်းမှာ စစ်ကောင်စီက မြို့မရဲ့စခန်း၊ အကျဉ်းထောင်နဲ့ အထက(၁) စာသင်းကျောင်း အပါအဝင် မြို့တွင်းနေရာတချို့မှာ တပ်စွဲပြီး မြို့တွင်းတိုက်ပွဲဖော်ဆောင်ဖို့ ခံစစ်ပြင်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်အတွင်း လက်ရှိ တိုက်ပွဲတွေဟာ မြို့အနီးအထိ ရောက်လာတာကြောင့် မြို့ခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သံတွဲမြို့မှာ ခမရ ၅၆၆၊ ခလရ ၅၅ နဲ့ မောင်ရွှေလေးရေတပ်တို့ အခြေစိုက်ထားပြီး ကြည်းတပ် နှစ်ခုလုံးမှာ အာရက္ခတပ်တော်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခံခြင်း ခံနေရပြီး လေကြောင်း၊ ရေကြောင်း ပစ်ကူတွေနဲ့ ခုခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မြောက်ဦးနဲ့မင်းပြား မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက အချုပ်သား ၇ ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့သလို ဘူးသီးတောင် တိုက်ပွဲအတွင်းမှာလည်း အကျဉ်းသား ၁၀၀ နီးပါးကို တိုက်ပွဲအတွင်းမှာ တာဝန်ခံမှုမရှိဘဲ ဖြစ်သလို ပစ်ထားခဲ့တာကြောင့် အာရက္ခတပ်တော်ဘက်က ကယ်ထုတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။