တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်က မြို့တော်ခန်းမနားမှာ လမ်းသွားလမ်းလာ အတော်များများကို ကားတစီးက ဝင်တိုက်ခဲ့လို့ လူ ၉ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရဲနဲ့ မီးသတ်အရာရှိတွေကို ကိုးကားပြီး တောင်ကိုရီးယားမီဒီယာက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အခင်းဖြစ်ရာနေရာကို ရဲက အရံအတားတွေနဲ့ ကာထားခဲ့ပါတယ်။ အစက ကားက အရံအတားတွေကို ဝင်တိုက်ခဲ့လို့ အသံကျယ်ကြီး ထွက်လာခဲ့တာလို့ ထင်ခဲ့ပြီး ခဏနေမှ လမ်းသွားလမ်းလာတွေ တိုက်မိမှန်း သိတာလို့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။
၉ ဦးသေ၊ ၁ ဦး ဒဏ်ရာပြင်းထန်ပြီး ၃ ဦးက အသေးစားဒဏ်ရာတွေ ရခဲ့တယ်လို့ ဂျန်ဘု မီးသတ်ဌာန မီးဘေးကင်းရေး အကြီးအကဲ ကင်မ်ချွန်းစုက ပြောပါတယ်။
ကားက လမ်းပြောင်းပြန်မောင်းလာပြီး လူကူးမျဉ်းကြားမှာ ရပ်နေတဲ့ လမ်းသွားလမ်းလာတွေကို တိုက်ခဲ့တာလို့ မျက်မြင်သက်သေ ပတ်ခ် ဆောင်းအီးလ်က ပြောပါတယ်။
ဆိုးလ်မြို့လယ် ည ၉ နာရီခွဲလောက်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကို လောလောဆယ် စုံစမ်းစစ်ဆေးနေတုန်းပဲလို့ ရဲအရာရှိတယောက်က ပြောပါတယ်။
Source-Reuters