Home
နိုင်ငံတကာ
ဘဲလာရုစ်နယ်စပ်တွင် ယူကရိန်း တပ်အင်အားဖြည့်နေသဖြင့် ရုရှား စိုးရိမ်
DVB
·
July 2, 2024
Photo - REUTERS/Gleb Garanich/File Photo

ယူကရိန်းက ဘဲလာရုစ်နိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ တပ်တွေကို အားဖြည့်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေဟာ စိုးရိမ်စရာ အကြောင်းရင်းပဲလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဇူလိုင် ၁ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားနဲ့ နီးကပ်တဲ့မဟာမိတ်ဖြစ်တဲ့ ဘဲလာရုစ်နိုင်ငံဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ထောက်ပံ့ပေးခဲ့သူပါ။

အရင်အပတ်က ယူကရိန်းအစိုးရဟာ ယူကရိန်း-ဘဲလာရုစ် နယ်စပ်တလျှောက် တပ်တွေ အားဖြည့်နေတယ်လို့ ဘဲလာရုစ်က ပြောခဲ့ပါတယ်။

ဘဲလာရုစ်နဲ့ ရုရှားမှာ လုံခြုံရေးဌာနတွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကြား အထူးပုံစံတွေနဲ့ ဆွေးနွေးချက်တွေ ရှိနေတယ်။

“၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေလည်း မိတ်ဖက်ထိတွေ့ဆက်ဆံရေးကို အစဉ်တစိုက် ထိန်းသိမ်းထားတယ်။ ကျနော်တို့က မိတ်ဖက် မဟာမိတ်တွေဖြစ်လို့ ဘဲလာရုစ်နယ်စပ်မှာ ယူကရိန်းတပ်တွေ အားဖြည့်တာဟာ ဘဲလာရုစ်အတွက်သာမက ရုရှားအစိုးရအတွက်ပါ စိုးရိမ်စရာပဲ” လို့ ကရင်မလင် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

ရုရှားတပ်တွေက ထိုးစစ်တွေကို အရှိန်မြှင့်ပြီး ယူကရိန်းအရှေ့ပိုင်းက ခံစစ်လိုင်းတလျှောက် ထိုးဖောက်ဖို့ ကြိုးစားနေတယ်လို့ ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်ဒေသ ရှေ့တန်းက ယူကရိန်းစစ်သည်တွေက ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် “ပေါ့ခ်ရော့ဗ်စ်ခ်၊ ခရာမာတော့စ်ခ်နဲ့ ကိုစတီယံတီနစ်ဗ်ကာ တို့ဆီ ထိုးစစ်ဆင်လို့ မရအောင် ဟန့်တားဖို့ ကျနော်တို့က ရန်သူတွေကို ချေမှုန်းနေတယ်” လို့ အမြောက်တပ်သားက ပြောပါတယ်။

အမှတ် ၁၁၀ ယန္တရားတပ်က စစ်သည်တွေက ချက်နိုင်ငံလုပ် ဗမ်ပိုင်းယား အတွဲလိုက် ဒုံးပစ်စနစ်ကို ပေါ့ခ်ရော့ဗ်စ်ခ်မြို့နားမှာ တပ်ချထားပြီး ပစ်ခတ်နေတာပါ။ ဒီမြို့ဟာ ဒန်ညက်စ်ဒေသ အရှေ့ပိုင်း အဓိကမြို့တွေထဲက တမြို့လည်း ဖြစ်ပါတယ်။

ရုရှားဟာ ရှေ့တန်းနေရာ အမျိုးမျိုးကနေ တရစပ်တိုက်ရင်း ယူကရိန်းတပ်တွေကို ရှေ့တန်း နေရာအသီးသီးမှာ လူနည်းနည်းနဲ့ ကျဲကျဲ ဖြစ်သွားအောင် ခွဲထုတ်ဖို့ ဖိအားပေး ကြိုးစားနေတယ်လို့ ယန္တရားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရုရှားက လူအင်အားများတာကို အသာစီးယူပြီး ထိုးစစ်ဆင်ခဲ့လို့ ယူကရိန်းခံစစ်မျဉ်းကို ထိုးဖောက်ဖို့ ကြိုးစားရာမှာ အထိအခိုက် များခဲ့တယ်လို့လည်း သူတို့က ပြောပါတယ်။

အမြောက်တပ်ရဲ့ စစ်ဦးစီးမှူး တာက သူ့တပ်ဖွဲ့ တဖွဲ့တည်းကြောင့်တင် နေ့တိုင်း ရုရှားစစ်သည် အယောက် ၅၀ ကနေ ၁၅၀ ကြား ထိခိုက်သေဆုံးနေတယ်လို့ ခန့်မှန်း ပြောဆိုပါတယ်။

ယူကရိန်းမြေ တမီတာတိုင်းအတွက် အသက်တွေ ပေးဆပ်ရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

အရင်အပတ်က ဒီရှေ့တန်းကို လာရောက်လည်ပတ်ခဲ့တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကတော့ ရုရှားထိုးစစ်တွေ သိသိသာသာ တိုးလာတဲ့ ပေါ့ခ်ရော့ဗ်စ်ခ် ရှေ့တန်းကို ဦးစားပေးဖို့ ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024