နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ ဇွန် ၂၉ ရက်ကစပြီး အသေခံဗုံးခွဲသမားလို့ သံသယရှိသူတွေက ဆက်တိုက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လူ ၁၈ ဦးထက်မနည်း သေဆုံးကာ အယောက်၃၀ ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ အကြီးအကဲက ပြောပါတယ်။
ဂိုဇာမြို့မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် ဘယ်သူကမှ တာဝန်ရှိတယ်လို့ မပြောခဲ့ပါဘူး။ တိုက်ခိုက်မှုအကြိမ်ရေ အတော်များများအတွင်း ဒဏ်ရာရသူတွေဟာ မိုင်ဒူဂူရီမြို့က အစိုးရအထူးကုဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။
ဘော်နိုပြည်နယ်ဟာ ၁၅ နှစ်ကြာ အစ္စလာမ္မစ်သူပုန်ထမှုရဲ့ ဗဟိုချက်မှာ ရှိနေလို့ လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
နိုင်ဂျီးရီးယားစစ်တပ်က စစ်သွေးကြွတွေရဲ့ စွမ်းဆောင်ရည်ကိုကျဆင်း အားနည်းအောင် လုပ်နိုင်ခဲ့ပေမဲ့ စစ်သွေးကြွတွေက အရပ်သားတွေနဲ့ လုံခြုံရေးပစ်မှတ်တွေကို သေစေလောက်တဲ့အထိ ဆက်လက် တိုက်ခိုက်နေဆဲပါ။
ဘိုကိုဟာရမ်နဲ့ ခွဲထွက်အဖွဲ့တွေ၊ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အနောက်အာဖရိကပြည်နယ် အဖွဲ့ခွဲ(ISWAP) တို့ဟာ အိုင်ယာလန်နိုင်ငံ အရွယ်အစားလောက် ကြီးမားတဲ့ ကျေးလက်ဒေသ ဘော်နိုပြည်နယ်မှာ အတက်ကြွဆုံး စစ်သွေးကြွအဖွဲ့တွေ ဖြစ်ပါတယ်။
Source-Reuters