Home
နိုင်ငံတကာ
ထိုင်းအလုပ်အကိုင်ပြပွဲတွင်  မြန်မာလုပ်သားများအတွက် အခွင့်အလမ်းနည်းပါး
DVB
·
July 1, 2024
ထိုင်းအလုပ်အကိုင်ပြပွဲ

ထိုင်းအလုပ်အကိုင်ပြပွဲ Job Expo Thailand 2024 မှာ အလုပ်အကိုင်ပေါင်း သိန်းချီ ခေါ်ယူခဲ့ပေမဲ့ အလုပ်အများစုက ထိုင်းနိုင်ငံသားတွေအတွက် ရည်ရွယ်ပြီး၊ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အခွင့်အလမ်း နည်းပါးတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့သူတွေက ပြောပါတယ်။

ထိုင်းမှာ အလုပ်ရှာဖွေနေတဲ့ လူငယ်တွေအတွက် ရည်ရွယ်ကာ ဇွန် ၂၈ ရက်ကနေ ဇွန် ၃၀ ရက်အထိ ဘန်ကောက်မြို့၊ Queen Sirikit National Convention Center မှာ Job Expo Thailand 2024 အလုပ်အကိုင်ပြပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို ထိုင်းနိုင်ငံရောက် မြန်မာလူငယ်တွေ အများအပြား လာရောက် အလုပ်ရှာဖွေစုံစမ်းကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီအလုပ်အကိုင်ပြပွဲမှာ အလုပ်ပေါင်း သိန်းချီ ခေါ်ယူပေမယ့် အလုပ်အများစုက ထိုင်းနိုင်ငံသားတွေအတွက် ရည်ရွယ်ပြီး၊ မြန်မာအပါအဝင် နိုင်ငံခြားသားတွေ ဝင်ရောက် လျှောက်ထားလုပ်ကိုင်နိုင်တဲ့ အလုပ်တွေက နည်းပါးလွန်းတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့သူတွေက ပြောပါတယ်။

ကိုပြည့်ဖြိုးက “အထူးသဖြင့်က ထိုင်းတွေ များတယ်။ အလုပ်အကိုင် အခွင့်အလမ်းအားဖြင့်က ၁၀၀ မှာ ၈၅ ရာခိုင်နှုန်းလောက်က ထိုင်းလူမျိုးကိုပဲ လက်ခံတယ်ဆိုတာ တွေ့ရတယ်။ မြန်မာတွေအပြင် တခြား နိုင်ငံခြားသားတွေပါ လျှောက်လို့ရတဲ့ အလုပ်ခေါ်စာတွေ တွေ့တယ်။ ဒါပေမဲ့ တချို့ ရာထူးပိုင်းတွေက အကြီးပိုင်းတွေပေါ့။ ဥပမာ- မန်နေဂျာ၊ ထရိန်နာ ရာထူးတွေကို နိုင်ငံခြားသား လက်ခံတယ် ပြောတယ်။ ဒါပေမဲ့ ခြုံပြောရရင် ထိုင်းကိုလက်ခံတာ များတယ်။ နိုင်ငံခြားသားအလုပ်ရှားတယ်။ ဘာတွေများလဲဆိုရင် အင်ဂျင်နီယာ၊ အိုင်တီအလုပ်၊ စက်ရုံအလုပ်၊ အရောင်းပိုင်း၊ မားကတ်တင်း၊ HR စသဖြင့်ပေါ့။ ဆေးပညာပိုင်း သိပ်မရှိဘူး။ ဆေးပညာပိုင်းက သင်တန်းတွေနဲ့ တက္ကသိုလ် မိတ်ဆက်တွေပဲ ရှိတယ်။ များတာတော့ ကုမ္ပဏီပိုင်းတွေပေါ့။ Part time job, Remote job တို့ မတွေ့ခဲ့ရဘူး။ တော်တော်ရှားတယ်။ အထူးသဖြင့် ထိုင်းတွေပဲ လုပ်လို့ရတဲ့ အလုပ်လို့ သိထားပြီးနောက် ထပ်စုံစမ်းဖို့ မလွယ်တော့ဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင် ကျင့်သုံးပြီးနောက် ပြည်ပကို တရားဝင်ရော၊ တရားမဝင် နည်းလမ်းတွေနဲ့ပါ လူငယ်တွေ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်လာကြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံကို လူငယ်တွေ အလုံးအရင်း လာရောက်ကြပြီး အလုပ်အကိုင်တွေ လာရောက် ရှာဖွေပေမယ့် နေထိုင်ခွင့်အထောက်အထားနဲ့ ဘာသာစကား အခက်အခဲတွေကြောင့် အလုပ်ရဖို့ ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံကို အစီအစဉ်မရှိဘဲ စစ်မှုထမ်းဥပဒေကြောင့် ရုတ်တရက် ရောက်လာရတဲ့ လူငယ်တွေဟာ ထိုင်းမှာ ပညာရေး၊ နေထိုင်ခွင့်၊ အလုပ်အကိုင် စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဘန်ကောက်မှာရောက်နေတဲ့ ကိုစည်သူက “စစ်မှုထမ်းဥပဒေကြောင့် ထိုင်းကို ထွက်လာတဲ့ လူငယ်တွေကို ဘာပြောချင်လဲဆိုတော့ ဒီမှာက ကျနော်တို့အတွက် တိကျခိုင်လုံတဲ့ အလုပ် မရှိဘူး။ တိကျခိုင်လုံတဲ့ နေဖို့အတွက် မရှိဘူး။ အလုပ်တွေ ရှာရခက်တယ်။ နေထိုင်ဖို့ ခက်ခဲတယ်။ ကိုယ်က ဟိုမှာကတည်းက ဘာလုပ်မှာလဲ။ ဘာဗီဇာနဲ့ နေမလဲ တွေးပြီး လာရမှာပေါ့။ အခက်အခဲတွေ အများကြီးပေါ့။ နိုင်ငံခြားရောက်လာလို့ ပြေလည်သွားမယ်ဆိုတဲ့အထဲ မြန်မာလူငယ်တွေ မပါဘူး။ မိဘ မချမ်းသာရင် အရမ်းတိုင်ပတ်ကြတဲ့ လူငယ်တွေ ချည်းပဲ”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားဝင် လေကြောင်းလိုင်းနဲ့ လာရောက်ခဲ့ကြပေမယ့် နေထိုင်ခွင့်ဗီဇာ အခက်အခဲတွေကြောင့် အထောက်အထားမဲ့ ဖြစ်သွားရတဲ့ မြန်မာလူငယ်တွေလည်း ထုနဲ့ဒေး ရှိနေပါတယ်။ ဒီဗွီဘီက မေးမြန်းထားတဲ့ မြန်မာလူငယ်တွေကတော့ ထိုင်းနိုင်ငံမှာ အကြီးမားဆုံး စိန်ခေါ်မှုက နေထိုင်ခွင့် ဗီဇာ အခက်အခဲပဲလို့ တညီတညွတ်တည်း ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းမှာတော့ ထိုင်းနိုင်ငံ Media Intelligence စစ်တမ်းအရ ထိုင်းမှာ မြန်မာအရေအတွက် ၆ ဒသမ ၈ သန်းကျော် ရောက်ရှိနေထိုင်နေတယ်လို့ ခန့်မှန်းထားပြီး၊ ၂၀၂၄ ဖေဖော်ဝါရီနောက်ပိုင်းမှာတော့ ဒီထက် အရေအတွက် ပိုများလာနိုင်တယ်လို့ ထိုင်းရောက် အလုပ်သမားအရေး လုပ်ဆောင်သူတွေကပြောပါတယ်။ 

ဇွဲသစ်

Photo-QSNCC

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013