မကွေးတိုင်း၊ ပေါက်မြို့နယ်က သံဃာတော်တွေဟာ ဇူလိုင် ၁ ရက်မှာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်ပြီး ဒေသခံပြည်သူတွေက၀န်းရံကာ ချီတက်ဆန္ဒပြခဲ့ကြ ပါတယ်။
ကံဆောင်ပွဲမှာပါ၀င်ခဲ့တဲ့ သံဃာတော်တပါးက “ပြည်သူ့အစိုးရဆီက မတရားအာဏာသိမ်းပြီးတဲ့ အချိန်ကနေအခုထိ တနိုင်ငံလုံးမငြိမ်းချမ်းတာ အားလုံးအသိဘဲ။ အခုက မငြိမ်းချမ်းရတဲ့အထဲ ဘုရားသားတော်ရဟန်းသံဃာတော်တွေပါကို လက်ရဲဇက်ရဲသတ်ဖြတ်လာနေတဲ့အတွက် အခုလို သပိတ်မှောက်ချီတက်ဆန္ဒထုတ်ဖေါ်ရတာ”လို့ DVB ကို ပြောပါတယ်။
ရဟန်းသံဃာတော်တွေဟာ ဘုန်းကြီးကျောင်းတကျောင်းက သိမ်တခုထဲစုဝေးကာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ကြပြီးနောက် သံဃာတော်တွေနဲ့ ၀န်းရံပြည်သူ ၁၅၀ နီးပါးဟာ စစ်ကောင်စီအလိုမရှိကြောင်း လှည့်လည်ဆန္ဒထုတ် ဖေါ်ခဲ့ကြတာပါ။
မကွေးတိုင်းအတွင်းမှာ မြိုင်၊ ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေက ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်ကြတာဟာ မြို့နယ်ပေါင်း ၃ မြို့နယ် ရှိလာပြီ ဖြစ်ပါတယ်။
ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဇွန် ၁၉ ရက်မှာ နေရာမှာ ပျံလွန်တော်မူခဲ့ရပြီး နောက်ပိုင်း ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင် နေကြတာ ဖြစ်ပါတယ်။
သံဃသမဂ္ဂ (မန္တလေး) အဖွဲ့၀င်ဆရာတော်တပါးက “ပြည်သူတွေနဲ့ သံဃာတော်အရှင်သူမြတ်တွေ ကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို သံဃာတော်တွေ မြို့နယ်အလိုက် ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်ပွဲတွေ ပြုလုပ်လာကြတဲ့အပေါ်မှာ ကြိုဆိုထောက်ခံပါတယ်”လို့ မိန့်ကြားပါတယ်။
၀င်းနိမိတနာရုံကျောင်းတိုက် ဆရာတော်ကြီးပျံတော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်မှာ ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်မှုစတင်ပြီး ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင်၊ မုံရွာ၊ပခုက္ကူ၊ ၀က်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူ၊ ထား၀ယ်နဲ့ ပေါက်မြို့နယ်တွေက ရဟန်းသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင် ကြတာဟာ မြို့နယ်ပေါင်း ၁၄ မြို့နယ်အထိရှိလာပြီ ဖြစ်ပါတယ်။