မြောက်ကိုးရီးယားနိုင်ငံဟာ အလေးချိန် ၄ ဒသမ ၅ တန်ရှိ ဧရာမထိပ်ဖူးကြီးကို တင်ဆောင်နိုင်တဲ့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်အသစ်ကို ဇူလိုင် ၁ ရက်မှာ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဇူလိုင် ၂ ရက်မှာ ထုတ်လွှင့်သွားပါတယ်။
အရင်တရက်က တောင်ကိုရီးယားဟာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ကြောင်း အစီရင်ခံခဲ့ပြီး ဒုတိယမြောက် ပစ်လွှတ်မှုမှာ မြေပြင်ပေါ်ကနေ ပျံတက်သွားပြီးနောက် မကြာမီ ပျံသန်းချိန်အတွင်းမှာပဲ ပေါက်ကွဲသွားဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
KCNA က ဒုတိယမြောက် ဒုံးကျည်အကြောင်း ဖော်ပြထားခြင်း မရှိပါဘူး။ Hwasongpho-11 Da-4.5 လို့ နာမည်ပေးထားတဲ့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်အသစ် စမ်းသပ်မှုကို ပျံသန်းချိန်အတွင်း တည်ငြိမ်မှုနဲ့ တိကျမှုကို စစ်ဆေးဖို့အတွက် လေးလံတဲ့ ထိပ်ဖူးပုံစံနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောထားပါတယ်။
အတုယူ ပြုလုပ်ထားတဲ့ ထိပ်ဖူးရဲ့ သဘောသဘာဝကိုတော့ အသေးစိတ် မဖော်ပြထားပါဘူး။
မြောက်ကိုးရီးယားရဲ့ ဒုံးပျံအုပ်ချုပ်ရေးအဖွဲ့ဟာ ဧရာမထိပ်ဖူးကြီးရဲ့ ပေါက်ကွဲစွမ်းအားကို စမ်းသပ်ဖို့အတွက် ဇူလိုင်လမှာလည်း နောက်ထပ် အမျိုးအစားတူ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်သွားဦးမှာ ဖြစ်ကြောင်းလည်း KCNA က အနာဂတ် ဒုံးကျည်ပစ်လွှတ်မှု အစီအစဉ်ကို ရှားရှားပါးပါး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source-Reuters