နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမှာ ဆောင်ရ်ယာ လေကြောင်းလိုင်းကနေ လေယာဉ်ပျံတက်ချိန် ပြေးလမ်းချော် ပျက်ကျသွားတဲ့ ပြည်တွင်းပြေးဆွဲ လေယာဉ်ငယ်တစီး မီးလောင်ခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင် ၂၄ ရက်မှာ နီပေါ မီဒီယာနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆောင်ရ်ယာ လေကြောင်းလိုင်းဟာ သက်တမ်း အနှစ် ၂၀ စီ ရှိကြတဲ့ ဘွန်ဘာဒီယာ CRJ-200 ဒေသတွင်း ဂျက်လေယာဉ် ၂ စင်းနဲ့ နီပေါမှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ပြေးဆွဲနေတာ ဖြစ်ပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ မီးလောင်ကျွမ်းနေတဲ့ အပျက်အစီးတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီလေယာဉ်ကို ပြုပြင်ထိန်းသိမ်းမှု စစ်ဆေးဖို့အတွက် ပိုခါရာမြို့ကို ပျံသန်းမှာဖြစ်ပြီး အမှုထမ်း ၂ ဦးနဲ့ နည်းပညာရှင် ၁၇ ဦးတို့ကို တင်ဆောင်ထားခဲ့ကြောင်း လေဆိပ်လုံခြုံရေးအကြီးအကဲ အာဂျွန်း ချန်းဒ် သာကုရီ က ပြောပါတယ်။
လေယာဉ် ဘာကြောင့် လမ်းချော်သွားရတယ် ဆိုတာနဲ့ လေယာဉ်ပေါ်က လူတွေရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒေသတွင်း မီဒီယာတွေရဲ့ ဓာတ်ပုံတွေမှာ မီးခိုးတွေ တက်လာပြီး မြောင်းတခုလုံးမှာ လေယာဉ် အပျက်အစီးတွေ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။ မီးလောင်မှုကိုတော့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အရေးပေါ်တုံ့ပြန်ရေး အမှုထမ်းတွေ ကယ်ဆယ်ရေး လုပ်ဆောင်နေတာကြောင့် နီပေါနိုင်ငံရဲ့ ပြည်တွင်း ပြည်ပ ခရီးစဉ်တွေအတွက် အဓိကလေဆိပ်ဖြစ်တဲ့ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်ထားပါတယ်။
ခတ္တမန္ဒူမှာ မုတ်သုံမိုးရာသီဖြစ်ပေမဲ့ လေယာဉ် လမ်းချော်ချိန်မှာ မိုးမရွာပါဘူး။ ဒါပေမဲ့ မြို့တော်အနှံ့ကို မြင်နိုင်စွမ်းနည်းတယ် လို့ ဆိုပါတယ်။
Source-Reuters