Home
မြန်မာသတင်း
မုံရွာအခြေစိုက် နမခ တိုက်ခိုက်ခံရ၊ ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှုကြောင့် မြိုင်ဒေသခံ ၁ ဦး ဒဏ်ရာရ
DVB
·
July 30, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကန်ကြီးကျေးရွာကို ဇူလိုင် ၂၉ ရက်၊ မွန်းတည့် ၁၂ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ လေကြောင်းကနေ လာရောက်ပစ်ခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိကာ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက  “မုံရွာ နမခ ကနေတက်လာတဲ့ ရဟတ်ယာဥ် MI 35 ဗျ။ အလကားသက်သက်လာပစ်သွားတာပါ။ အခုတလော ဘာတိုက်ပွဲမှမရှိဘူး။ လူနေအိမ်တွေအပြင်နဲ့ တခြားပစ္စည်းတွေလည်း တော်တော် ပျက်စီးကုန်တယ်။ အမျိုးသမီးတယောက်လည်း ကျည်ထိထားတယ်။ မစိုးရိမ်ရပါဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ကန်ကြီးကျေးရွာက အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးရဲ့ လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရွာခံတွေဖြစ်ကြတဲ့ ကိုဌေးအောင်နဲ့ ကိုကျော်နိုင်ဦးတို့ရဲ့ နေအိမ်တွေအပြင် တခြားလူနေအိမ်တချို့ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

ကန်ကြီးရွာခံတဦးက “ရဟတ်ယာဥ်ပေါ်ကနေ စက်သေနတ်နဲ့လာပစ်သွားတာ။ ရွာကလူတွေလည်း အရှောင်အပုန်းမြန်ကြလို့ပေါ့။ နို့မို့ဆိုမလွယ်ဘူးဗျာ။ ကိုဌေးအောင်တို့ ၂ အိမ်ကတော့ အဆိုးဆုံးဗျ။ အမိုးတွေကတော့ ဆန်ခါပေါက်တွေဖြစ်ကုန်တာ။ ဆီကား ၁ စီးလည်း ကျည်ထိတယ်။ အုတ်ကန်တွေ၊ ရေစင်တွေလည်း ပွင့်ထွက်ကုန်တာပေါ့” လို့ ပြောပါတယ်။

မြိုင်မြို့နယ်ဟာ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေအင်အားကောင်းတဲ့ ဒေသတခုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းတွေကလည်း မြိုင်မြို့နယ်ထဲကျေးရွာတွေကို စစ်ကြောင်းထိုး၀င်ရောက်တာတွေရှိသလို လေကြောင်းကလည်း ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်မှုတွေ မကြာခဏပြုလုပ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ဇူလိုင် ၂၅ ရက်၊ ညနေ ၄ နာရီ၀န်းကျင်မှာ ဒရုန်းတွေအပါအ၀င် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာသိုလှောင်ရုံ၊ ဓာတ်အားခွဲရုံအပါအ၀င် တခြားအဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာ-၄၅ (ကျောက်လုံးကြီး KLG PDF) တပ်ဖွဲ့က ဆီကနေသိရပါတယ်။

KLG PDF ရဲ့ ပြန်ကြားရေးတာ၀န်ခံတဦးက “ကျနော်တို့ အဖွဲ့တွေက နမခထဲကို ပစ်ခတ်ခဲ့တဲ့ ကနဦးသတင်းကို ထုတ်ပြန်ပေးခဲ့ပါတယ်။ အခု ဖရဲသီးရဲ့သတင်းပေးပို့မှုကတဆင့် ထိခိုက်ပျက်စီးမှုတွေသိရလို့ ထပ်မံထုတ်ပြန်ပေးရတာပါ။ စစ်သားတွေ ထိခိုက် သေဆုံးဒဏ်ရာရတာကို အတိအကျရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။

KLG PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်ထဲကို ကာမီကာဇေဒရုန်း ၂ စီး၊ ရော့ကတ်ရှော့တိုက်ဒုံး ၅ လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ခန်းတွဲ၀န်ထမ်းအိမ်ရာ၊ ထပရ ၉၂၉ ရိက္ခာသိုလှောင်ရုံ၊ ပညရ ၁၁ အရာရှိရိပ်သာ၊ လျှပ်စစ်ဓာ်အားခွဲရုံးနဲ့ မုံရွာယာယီလေတပ်ဆွယ်ဝန်းအတွင်းကို ဗုံးသီးနဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဆောက်အဥ်တွေ ပျက်စီးသွားခဲ့တာလို့ ဆိုပါတယ်။

လျှပ်စစ်ဓာတ်အားခွဲရုံ ပျက်စီးသွားတာကြောင့် နမခတပ်တခုလုံး လျှပ်စစ်မီးပျက်တောက်သွားတဲ့အတွက် ပြည်သူတွေသုံးစွဲနေတဲ့မီးလိုင်းတွေကိုဖြတ်တောက်ပြီး လျှပ်စစ်မီးပြန်လည်ရရှိအောင် ပြုလုပ်နေကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“တပ်ထဲက လေယာဥ်ကွင်းပျက်သွားလို့ မုံရွာကိုရောက်နေတဲ့ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေ ရဲ့ ခရီးစဥ်ကိုပြောင်းပြီး မုံရွာလေဆိပ်ကနေ တပ်လေယာဥ်နဲ့ နေပြည်တော်ကို ပြန်လှည့်သွားတယ်” လို့ အမည်မဖော်လိုတဲ့ မုံရွာ ပညာရေး၀န်ထမ်းတဦးက ပြောပါတယ်။

ယခုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ဗျူဟာ-၄၅ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲနဲ့အတူ Chindwin Rocket Brothers (C.R.B)၊ Chindwin Brothers၊ ချိုမိုင်မိုင် ကနီ၊ Spring Guerrilla Platoon အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ဒရုန်းတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ အဆောက်အဦတွေ ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သားအများအပြား သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013