တယ်လီကွန်း ကျားဖြန့် အွန်လိုင်းလောင်းကစား သံသယရှိသူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန(MPS) က ဩဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ သိပ်မကြာခင်က နယ်စပ်ဖြတ်ကျော် တယ်လီကွန်းနဲ့ အင်တာနက် လိမ်လည်မှုဆိုင်ရာ ရာဇဝတ်ဂိုဏ်းတွေကို ပူးပေါင်းဖြိုခွင်းမှုမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အဆိုပါလုပ်ငန်းတွေမှာ အသုံးပြုတဲ့ သက်ဆိုင်ရာ အထောက်အထား ပစ္စည်းတွေကိုလည်း တရုတ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ကလည်း အလားတူအမှုတွေမှာ သံသယရှိသူ ၉ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်က စတင်ပြီးတော့ မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ ရာဇ၀တ်မှု တိုက်ဖျက်ရေး ပူးတွဲစစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံက သံသယရှိသူ စုစုပေါင်း ၅၀,၀၀၀ ကျော်ကို တရုတ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့သလို နိုင်ငံတကာ တရားဥပဒစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ခဲ့တယ်လို့လည်း တရုတ် နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ISP Myanmar အဖွဲ့က ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာ ထဲမှာတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။
Source: Xinhua