Home
မြန်မာသတင်း
ဘုရားသုံးဆူတွင် တရုတ်နိုင်ငံသား ၁ ဦး သံခြေချင်းဖြင့် ကျားဖြန့်ဂိုဏ်းမှ ထွက်ပြေးလာ 
DVB
·
September 18, 2024
A Chinese citizen18092024

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်  ဘုရားသုံးဆူရွာ (ထိုင်းဘက်ကမ်း) မှာ သံခြေချင်းဝတ် သံကြိုးတွဲလဲနဲ့  ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားတယောက်ကို ထိုင်း တာဝန်ရှိသူတွေက တွေ့ရှိခဲ့တယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့ ThaiPBS ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါတရုတ်အမျိုးသားဟာ အသက် ၂၉ နှစ်ရွယ်ရှိပြီး တရုတ်နိုင်ငံမှ လာအိုနိုင်ငံကို ကားနဲ့လာပြီး လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက် သုဝဏ္ဏဘုမိ လေဆိပ်ကို လေယာဉ်၊ ဘန်ကောက်မှ ကန်ကျနပူရီကို ကားနဲ့ အဆင့်ဆင့်လာခဲ့ပြီး ဆန်ခလပူရီ ဘုရားသုံးဆူဒေသကနေ မြန်မာဘက်ခြမ်းကရင်ပြည်နယ် ဘုရားသုံးဆူဘက်ကို တောလမ်း (တရားမဝင်) လမ်းကြောင်းကနေ ဝင်သွားခဲ့တယ်။ ဘုရား သုံးဆူရောက်တော့  ကျားဖြန့် အွန်လိုင်းလိမ်လည်ခြင်းအလုပ်ကို အတင်းအကျပ် လုပ်ခိုင်းတယ်၊  သူကမလုပ်ချင်ဘူးပြောတော့  ခြေထောက်ကို သံခြေချင်းခတ်ပြီး ဒဏ်ပေးခံရတယ်၊ နှိပ်စက်တာမခံနိုင်လို့ ထွက်ပြေးလာတာလို့  တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။ 

ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့ဝင်ဂိတ်မှာ ယခင်ကလည်း  သံသယဖြစ်ဘွယ်  အိုင်တီ  (ကွန်ပြူတာသုံး) ပစ္စည်း၊ စတားလင့်ခ်  အစရှိ ဆက်သွယ်ရေးပစ္စည်းကိရိယာနဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့  နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။ 

သူတို့တွေဟာ မြန်မာဘက်ခြမ်း ဘုရားသုံးဆူဘက်သွားမယ်လို့ ပြောကြတယ်၊ တချို့က နိုင်ငံကူးလက်မှတ်မရှိဘူး။ စစ်ဆေးချက်အရ လာအို နဲ့ ကမ္ဘောဒီးယားစတဲ့ အိမ်နီးချင်းနိုင်ငံက တရုတ်အမျိုးသားပိုင် တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတာ တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

ကန်ကျနပူရီခရိုင် ရဲတပ်ဖွဲ့  ရဲချုပ် နာ့ခလင်း ဆုခွန်းထဝစ်က “နိုင်ငံခြားသားတွေ ထိုင်းကိုလာလည်လို့ ရပါတယ်။ ဒါပေမဲ့  ထိုင်းမှာနေစဉ် ဘယ်မှာတည်းမယ်ဆိုတာ  အရင် သက်သေပြရတယ်၊  ဖော်ပြထားတဲ့နေရာမှာပဲ တည်းရမယ်၊ ဟိုဟိုဒီဒီလျှောက်တည်းလို့မရဘူး။ နယ်စပ်မှာ ဖမ်းမိပြီး ပတ်စပို့ မရှိသူတွေဟာ သူတို့အလုပ်ရှင်က သိမ်းထားတာလည်း ဖြစ်နိုင်တယ် ” လို့ ပြောပါတယ် ။ 

ထိုင်းသတင်းထောက်တွေဟာ ဘုရားသုံးဆူ (မြန်မာဘက်ကမ်း) ကို ကူးသွားရာမှာ ဈေးဆိုင်တွေမှာ ပစ္စည်းတွေကို တရုတ်စာနဲ့ ရေးထားပြီး ဈေးဝယ်လာတဲ့ တရုတ်နိုင်ငံသား အချို့ကို တွေ့တယ်၊ ရတနာအမည်ရှိ လမ်းမကြီးအတိုင်းသွားတော့ လမ်းဘေးတဘက်တချက်မှာ ကာစီနိုရုံ၊ ကာရာအိုကေရုံ အသေးစားတွေ တွေ့တယ်၊ ရေကန်ကြီးအနီးမှာတော့ ကြီးမားတဲ့ အဆောက်အဦဆောက်လုပ်နေတာတွေ့တယ်။ ဆောက်လက်စ အဆောက်အဦ ၃ ခုရှိပြီး တရုတ်အမျိုးသားတွေက ကာစီနိုရုံဖွင့်ဖို့ ဆောက်နေတာလို့ ဒေသခံက ပြောတယ်လို့ ဆိုပါတယ်။ 

ညရောက်တော့ ကာစီနို လောင်းကစားရုံထဲ ဝင်ရောက်လေ့လာတာမှာ ကစားဝိုင်းဒိုင်ကို မြန်မာ တွေလုပ်ပြီး သူတို့နောက်မှာ တရုတ် ၂ ယောက်က စောင့်ကြည့်နေတာလို့ ဆိုပါတယ်။ 

ဘုရားသုံးဆူဒေသခံတဦးကတော့ အဲဒီကာစီနိုရုံကို ထိုင်းဘက်ခြမ်းကလူတွေလည်း သွားကစားတယ်။ တရုတ်တွေဟာ  မြေနဲ့တိုက်ခန်းတွေကို ငွေနဲ့ပေါက်ပြီး ဝယ်လို့   အိမ်ခြံမြေဈေးတွေ တက်လာတယ်၊  အိမ်ဝယ်လိုတဲ့ ဒေသခံတွေအတွက် နစ်နာတယ်လို့ ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်စပ်သုတေသနပြုနေသူတယောက်က ဘုရားသုံးဆူဘက်ကို တရုတ်ကာစီနိုလုပ်ငန်းတွေ ရောက်လာတာဟာ မကြာသေးခင်က ကရင်ပြည်နယ် ရွှေကုက္ကို စီးပွားရေးဇုန်ရှိ ကာစီနိုလောင်းကစားရုံတွေ ဖျက်သိမ်းမယ့်အကြောင်း၊ အဲဒီလုပ်ငန်းက တရုတ် နဲ့တကွ နိုင်ငံခြားသားတွေ နယ်မြေထဲကနေ ဒီနှစ်အောက်တိုဘာအတွင်း ရွှေ့ပြောင်းသွားဖို့ ထုတ်ပြန်ကြေညာထားတာနဲ့လည်း ဆက်နွှယ်နေတယ်လို့  သတင်းထောက်ကို ပြောပါတယ်။ 

ဒါပေမဲ့ ဘုရားသုံးဆူဟာ ဒီကေဘီအေ ထိန်းချုပ်နယ်မှာရှိသလို စောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ်ကလည်း အာဏာသက်ရောက်မှုရှိတယ်လို့ သိရတယ်။  ရွှေကုက္ကိုလ်ဒေသက တရုတ်တွေကို ဘုရားသုံးဆူဘက်ရွှေ့ပြောင်းပေးလာတာလည်း အဲဒီကရင်လက်နက်ကိုင်တပ်ဖွဲ့ တွေပဲ သယ်ပို့ခ ၁ ဦးလျှင် ဘတ် ၁ သိန်းရတယ်လို့လည်း ကြားသိရတယ်၊ ပြီးတော့ သူတို့ကာစီနိုရုံတွေကို စောင့်ပေးတာလည်း ကရင့်လက်နက်ကိုင်တပ်ဖွဲ့တွေပဲ၊ ရွှေကုက္ကိုလ် ဒေသဟာ တရုတ်အစိုးရရဲ့  ကျားဖြန့်လုပ်ငန်းနှိမ်နင်းရေးပစ်မှတ်တခုလို ဖြစ်လာတာကြောင့် ခုလို ပိတ်သိမ်းပြီး အခြားနေရာကို ရွှေ့ပြောင်းတာပဲလို့ ယူဆကြောင်း သတင်းထောက်က ဆိုပါတယ်။

ရွှေကုက္ကိုလ်က ကာစီနိုရုံလုပ်ငန်းရှင်သူဌေးကြီး နိုင်းချေ ဆိုသူဟာ အဲဒီကနေမပြောင်းခင် မွေးနေ့ အလှူအကြီးအကျယ်လုပ်ခဲ့တယ်၊  BGF ခေါင်းဆောင် စောချစ်သူကိုယ်တိုင် တက်ရောက်တယ်၊  ဒါကြောင့် စကဲင်မာ အွန်လိုင်းလောင်းကစားမှုမှာ တရုတ်လုပ်ငန်းရှင်နဲ့  စောချစ်သူတို့ ပါဝင်ပတ်သက်နေတယ်လို့ သတင်းမှာ သုံးသပ်ဖော်ပြထားပါတယ်။ 

ကိုးကား - ThaiPBS News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013