ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စူပါမတ်ကက်နဲ့ စတိုးဆိုင်တွေကနေ တရုတ်နိုင်ငံမှတင်သွင်းတဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ အလှကုန်၊ လူသုံးကုန်၊ စားသောက်ကုန်ပေါင်း ၁ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနက နိုဝင်ဘာ ၆ ရက် မှာ ကြေညာပါတယ်။
သုံးစွဲသူတွေဘေးကင်းလုံခြုံစေဖို့အတွက် အစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန၊ ဗဟိုစုံစမ်း စစ်ဆေးရေးရဲတပ်ဖွဲ့နဲ့ ဘန်ကောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ခရိုင်တွင်းရှိ စူပါမတ်ကက်နဲ့ စတိုးဆိုင်က လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းတွေ လိုက်လံစစ်ဆေးခဲ့တယ်။
ဒီနှစ် စက်တင်ဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ၆၇ နေရာကို ဝင်ရောက်စစ်ဆေးခဲ့တာမှာ ဆိုင်ပေါင်း ၄၇ ဆိုင်ကနေ တရားဥပဒေနဲ့မညီညွတ်တဲ့ ကုန်ပစ္စည်း ၃၄၁ မျိုးကနေ ပစ္စည်းပေါင်း ၉၄,၄၇၆ ခုကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံက တင်သွင်းတဲ့ပစ္စည်းတွေဖြစ်တယ်လို့ အစာ နဲ့ ဆေးဝါးကွပ်ကဲရေးဌာန အထွေထွေအတွင်းရေးမှူး ဆေးဝါးကျွမ်းကျင်သူ နိုင်းလိုတ့်ချိုင်း လိုတ်ဝုဒ်က ပြောပါတယ်။
ပြည်ပက တင်သွင်းတဲ့ပစ္စည်းတွေမှာ ထိုင်းဘာသာနဲ့ ရေးသားဖော်ပြထားခြင်းမရှိရင် ဘတ် ၃၀,၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမယ်၊ ထိုင်းဘာသာ မရေးထားတဲ့ အလှကုန်ပစ္စည်းရောင်းချပါက ၁ လထက်မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁,၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်မျိုးလုံး ကျခံရမှာဖြစ်တယ်၊ အဆိုပါကုန်ပစ္စည်းတွေကို သတိထားစစ်ဆေးဖို့ သက်ဆိုင်ရာ ခရိုင်ကျန်းမာရေးဌာနအသီးသီးထံ စာပို့အကြောင်းကြားမယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်ပက သွင်းကုန်ပစ္စည်း ရောင်းချသူတွေအနေနဲ့ မိမိတဆင့်ပြန်ရောင်းမယ့်ပစ္စည်းတွေကို သုံးစွဲသူ/စားသုံးသူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ဥပဒေနဲ့ လျော်ညီခြင်းရှိမရှိ ရွေးချယ်ဖို့ သတိ ပေးတယ်၊ စစ်ဆေးတွေ့ရှိက အရေးယူခံရမယ်လို့ဆိုပါတယ်။
ကုန်ပစ္စည်းအမျိုးအစားကို ထိုင်းဘာသာနဲ့ ဖော်ပြထားတာရှိမရှိ၊ ပါဝင်ပစ္စည်းတွေနဲ့ အချိုးအစား၊ ထုတ်လုပ်တဲ့နေရာ၊ ထုတ်လုပ်သူအမည်၊ ထုတ်လုပ်တဲ့ နေ့စွဲ၊ သက်တမ်းကုန်ရက်စွဲ ဒါမှမဟုတ် ဘယ်နှရက်အတွင်း စားသုံးရန် စတာတွေ ထည့်သွင်းဖော်ပြထားခြင်းရှိမရှိ စစ်ဆေးပြီးမှ ဝယ်ယူရောင်းချဖို့ နိုင်းလိုတ့်ချိုင်း လိုတ်ဝုဒ်က ပြောပါတယ်။
Source: INN News / FDA Thai