ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ လာမယ့်အောက်တိုဘာ ၁၃ မှ ၂၃ ရက်နေ့တွေအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ ဘန်ကောက်ခရိုင်အုပ်ချုပ်ရေးရုံးက သတိပေးထုတ် ပြန်ထားပါတယ်။
အထူးသဖြင့် မယ်နန်ချောင်ဖရာမြစ်နဲ့ ဆက်စပ်နေတဲ့ ဘန်ကောက်နွဲ့ချောင်း၊ မဟာဆဝပ်ချောင်းနဲ့ ဖရခနုံချောင်းအနီးတဝိုက်နေ နယ်မြေ ၇ ခု ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်က အိမ်ထောင်စုပေါင်း ၇၃၁ စုအနေနဲ့ ပစ္စည်းတွေကို အမြင့်ကိုရွှေ့ပြောင်းထားဖို့ ကြေညာထားပါတယ်။
ရွှေ့ပြောင်းရမယ့်သူတွေကတော့ တုဆစ်၊ ဖရနခွန်း၊ ဆမ်ဖန်းထဝုန်း၊ ဘန်ခေါလဲမ်၊ ယန်နာဝါ၊ ခလောင်းဆန်၊ ဘန်ကောက်နွဲ့ စတဲ့ နယ်မြေ ၇ ခုမှာရှိတဲ့ အိမ်ထောင်စုတွေ ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ ပစ္စည်းတွေ ကြိုတင်ရွှေ့ပြောင်းထားသလို တာဝန်ရှိသူတွေဘက်ကလည်း ပေါ့လျော့ခြင်းမရှိဘဲ ရေဘေးကို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ထားတယ်၊ မြစ်ရေအတက်ကို အမြဲမပြတ်စောင့်ကြည့်ပြီး မြစ်နားချောင်းနား သဲအိတ်တွေဖို့တာ၊ ယာယီတံတားဆောက်ဖို့ ပစ္စည်းစုဆောင်းတာ၊ ရေစုပ်စက်နဲ့ လှေ၊ ဆေးဝါး အစရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပြင်ဆင်ထားတယ်လို့ ဘန်ကောက်ခရိုင်ဝန် နိုင်းချာ့ချတ် ဆစ်ထိဖန်းက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက်မှာ ပင်လယ်ရေအမြင့်ဆုံးတက်မယ်လို့ ခန့်မှန်းပြီး ရေစုပ်စက် လိုအပ်ပါက ဘန်ကောက်ခရိုင်ရေဖြန့်ဖြူးရေးဌာန ဖုန်းနံပါတ် ၀၂ ၂၄၈ ၅၁၁၅ နဲ့ အရေးပေါ်အကူ အညီအတွက် ဖုန်းနံပါတ် ၁၅၅၅ ကို အကြောင်းကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
Source: MCOT