Home
နိုင်ငံတကာ
ချင်းမိုင်တွင် ထပ်မံရေကြီးနိုင်၊ ပစ္စည်းများအမြင့်သို့ ရွှေ့ရန် သတိပေး 
DVB
·
October 3, 2024
မယ့်ပင်း နဝရတ်တံတားအနီး အရေးပေါ်အလံနီ ထောင်ထားပုံ,photo Crd-CM 108 News

ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မြို့လယ်ခေါင်ထဲ ဖြတ်သန်းစီးဆင်းနေတဲ့ မဲ့ပင်းမြစ်ရေဟာ  အောက်တိုဘာ ၃ ရက်မနက် စောစောကတည်းက တရိပ်ရိပ်ပြန်တက်လာလို့ မြစ်ကမ်းနားအနီးတဝိုက်နေ ပြည်သူတွေပစ္စည်းတွေ အမြင့်ကိုရွှေ့ထားဖို့ သက်ဆိုင်ရာက သတိပေးနှိုးဆော်နေပါတယ်။

ဒီကနေ့ မွန်းတည့် ၁၂ နာရီမှာ နဝရတ်တံတားအနီး ‌ရေချိန်တိုင်းထွာချက်အရ ၃ ဒသမ ၉၄ စင်တီမီတာ ရောက်ရှိနေပြီး  စိုးရိမ်ရေမှတ် ၄ ဒသမ ၂  ဖြစ်ပါတယ်။ 

ချင်းမိုင်မြောက်ဘက် ချင်းဒေါင်း၊ မဲ့လိမ်း၊ မဲ့တိုင် စတဲ့မြို့နယ်တွေထဲက ချောင်းရေဟာ မဲ့ပင်းမြစ်ထဲ စီးဆင်းဝင်ရောက်ပြီး တောင်ကျချောင်းရေပါ ပါလာတဲ့အတွက် ရေစီးအလွန်ပြင်း ထန်နေတယ်။ မြစ်ကမ်းဘေးမှာ အလံနီထောင်ထားတယ်လို့ မဲ့ပင်းမြစ်ကမ်းဘေးကနေ တိုက်ရိုက်သတင်းတင်ဆက်နေတဲ့  ချင်းမိုင်နယူးစ်  သတင်းထောက်က ပြောပါတယ်။ 

လာမယ့် ၅ - ၆ နာရီအတွင်း မဲ့ပင်းမြစ်ရေဟာ စိုးရိမ်‌ရေမှတ်ကိုကျော်လွန်ပြီး ၄ ဒသမ ၉ မီတာ ထိရောက်ရှိနိုင်မယ်၊ ဒီတခေါက်ရေကြီးတာဟာ အရင်ပတ်ထက် ပိုဆိုးနိုင်လို့ မြစ်ကမ်းနားအနီး တဝိုက် ပြည်သူတွေ ပစ္စည်းတွေကို အမြင့်မှာ ရွှေ့ပြောင်းထားဖို့၊ အရင်တခေါက်ထက် ပိုမြင့်တဲ့နေရာမှာ ထားရှိဖို့  ချင်းမိုင်ဆည်မြောင်းနဲ့ တူးမြောင်းဌာနက ကြေညာထားပါတယ်။ 

ရေကြီးဖွယ်ရှိတဲ့ နေရာတွေမှာ ချင်းမိုင်ဈေးကြီး၊ တလတ်မိန်းမိုင်ကုန်စိမ်းဈေး၊ ကယောဝ့်နဝရတ်တံတားအနီး၊ ချင်းမိုင်မီးရထားဘူတာရုံ၊  ချန့်ခလန်လမ်း၊ ညဈေး တဝိုက်၊ ဆဲန်တဝမ်းမီးပွိုင့်၊ ကျရွန်းပရထစ်လမ်း၊ မုံးဖော်တ်စာသင်ကျောင်း၊ ရီဂျင်နာအမျိုး သမီးကျောင်း၊ ဖရဟာလိထိုင်းစစ်တပ်ကျောင်း၊ သစ်တောဦးစီးရုံး၊ မဲ့ပင်းမြစ်အရှေ့ လိမ်းပင်းစူပါမားကက်၊ ဆန်ပါခွယ်ဈေး၊ ချိုင်းမုန်းခုံးကျောင်းတိုက်၊ နောင်ဟွိုင်၊ ပါဖလောဝ့် နောက်ကျောင်းတိုက်၊ ပါဒက်တံတား  အစရှိတဲ့ လမ်းနဲ့ရပ်ကွက်တွေပါဝင်ပြီး အရင်အပတ်က ရေကြီးခဲ့တဲ့နေရာတွေ အကုန်ပြန်ပါပါတယ်။ 

ဒီကနေ့မနက်မှာတော့ ဟန်ဒုံး၊ မဲ့လိမ်းနဲ့ မဲ့တိုင်ထဲက ရပ်ကွက်တချို့မှာ ရေကြီးရေလျှံခဲ့ပါတယ်။  ချင်းမိုင်နဲ့ ဖန်မြို့နယ်သွား ကားလမ်းမကြီးပေါ်ရှိ ချင်းဒေါင်း မဲ့ထပိုင်းရွာအနီးမှာ မနေ့ည ၁၁ နာရီကျော်က မြေပြိုပြီး သစ်ပင်ကြီးတွေ လဲကျလာလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ တာဝန်ရှိသူတွေက အဆောတလျင် ပြန်လည်ရှင်းလင်းနေပါတယ်။

ချင်းမိုင် မဲ့လိမ်းမြို့နယ်ထဲမှာ ကနေ့မနက် မြေပြိုပြီး ဓာတ်တိုင်လဲကျလို့ အမျိုးသား တယောက် ဓာတ်လိုက်သေဆုံးသွားကြောင်း မဲ့လိမ်းမြူနီစီပါယ်က ထုတ်ပြန်ပါတယ်၊ လတ်တလော တောင်ကျချောင်းရေတွေ ကျနေလို့ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။

ချင်းမိုင်မြို့နဲ့တကွ အနီးနားတဝိုက်မြို့နယ်တွေမှာ ဒီစက်တင်ဘာနဲ့ အောက်တိုဘာလဆန်းထိ ရေကြီးတာ ၄ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။ 

မြန်မာနယ်စပ် မဲ့အိုင်းမြို့နယ်မှာလည်း နမ့်ကွတ်ချောင်း‌ရေမြင့်တင်လာလို့ ရွာသားတွေ ရေဘေးကြိုတင်ပြင်ဆင်ကာကွယ်နေပါတယ်။ မဲ့အိုင်းမှာ ပြီးခဲ့တဲ့အပတ် ရေကြီးမြေပြိုစဉ် ရွာသူကြီး တယောက် အပါအဝင် ကလေးနဲ့ရွာသားတွေ စုစုပေါင်း ၇ ယောက် သေဆုံးခဲ့ပါတယ်။ 

အလားတူ ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့နယ်နဲ့ မြန်မာနယ်စပ် မယ်ဆိုင်မြို့မှာလည်း ရေပြန်ကြီးလာပါတယ်။ 

Source: ChiangMai News/ CM 108 News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013