Home
မြန်မာသတင်း
ချင်းမိုင်မြို့တွင် ဒုတိယအကြိမ် ရေကြီးမှုဒဏ်ကို ထပ်မံရင်ဆိုင်နေရ
DVB
·
October 4, 2024

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒုတိယအကြိမ် စတင် ရေကြီးနေပြီး ဒီတခေါက် ရေကြီးမှုက ပထမအကြိမ်ထက် အခြေအနေ ပိုဆိုးနိုင်တယ်လို့ ချင်းမိုင်ဆည်မြောင်းနဲ့ တူးမြောင်းဌာနက အောက်တိုဘာ ၃ ရက်က သတိပေးထားပါတယ်။

စက်တင်ဘာ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း ချင်းမိုင်မှာ မိုးသည်ထန်စွာ ရွာသွန်းခဲ့တာကြောင့် ၃ ရက်ကျော်ကြာ ရေကြီးမှုဒဏ်ခံခဲ့ရတာပါ။ အဲဒီနောက် ရေပြန်ကျသွားခဲ့ပြီး ချင်းမိုင်မြို့က မယ့်ပင်းမြစ်ရေဟာ အောက်တိုဘာလ ၃ ရက် မနက် ၃ နာရီမှာတော့ တရိပ်ရိပ် ပြန်တက်လာခဲ့တာကြောင့် ဒုတိယအကြိမ် ရေကြီးမှုဒဏ်ကို ချင်းမိုင် နေထိုင်သူတွေ ထပ်မံ ရင်ဆိုင်နေရပါတယ်။

ချင်းမိုင်မြို့ မယ့်ပင်း မြစ်ကမ်းအနီး နေထိုင်သူတွေကို ပစ္စည်းတွေ အမြင့်ပိုင်းကို ရွှေ့ထားကြဖို့ သက်ဆိုင်ရာက အောက်တိုဘာလ ၃ ရက်က သတိပေးနှိုးဆော်ထားပါတယ်။ အောက်တိုဘာလ ၄ ရက် ညနေ ၃ နာရီမှာ နဝရတ်တံ တားအနီး မယ့်ပင်းမြစ်ရေကို တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်အထက် ၄ ဒသမ ၉၆ မီတာအထိ ရောက်ရှိနေပါတယ်။

အောက်တိုဘာလ ၅ ရက် မနက် ၁ နာရီမှာတော့ ချင်းမိုင်မှာ မယ့်ပင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၅ ဒသမ ၂၀ မီတာ အထိ ရောက်ရှိနိုင်တယ်လို့ ချင်းမိုင် ဆည်မြောင်းဌာနက ထုတ်ပြန်ပါတယ်။

ချင်းမိုင် ချန်းကလန် ရပ်ကွက် နေထိုင်သူတယောက်က “အနက်ဆုံးနေရာဆို ခါးလောက်အထိ ရောက်နေပြီ။ ခါးလောက်အထိဆိုတာ ကျနော်တို့ အဆောင် ပတ်ဝန်းကျင်ပေါ့။ ပင်းမြစ်နဲ့ မီတာ ၁၀၀-၂၀၀ အကွာလောက်မှာ ကျနော်တို့ Apartment ရှိတယ်။ ကျနော့် ခါးတဝက်လောက် ရှိပြီ ရေကတော့။ ကယ်ဆယ်ရေးသမားတွေလည်း အမြဲတမ်း ပတ်ပေးတယ် စစ်သားတွေနဲ့။ ကျနော်တို့ အဆောင်ဆိုရင် အဆောင်ရှေ့မှာ ရေတွေ ရောက်တော့ အဆောင်ကနေ ရေလွတ်တဲ့အထိ သွားဖို့ ကားအကြို အပို့တွေ လုပ်ပေးတယ်။ ထမင်းဘူးတွေလည်း လာဝေတယ်။ အခု စောင့်ကြည့်တာတော့ စံချိန်တင် ပိုဆိုးမယ် ပြောတယ်။ ချင်းမိုင်နဲ့ ပတ်သက်တဲ့ page တွေမှာ အချိန်နဲ့ တပြေးညီ တင်ပေးနေတာ တွေ့တယ်”လို့ ပြောပါတယ်။

မယ့်ပင်းမြစ်ရေဟာ ၅ ဒသမ ၂၀ မီတာအထိ ကျော်လွန်တာဟာ ချင်းမိုင်မြို့မှာ သမိုင်းဝင် စံချိန်တင် ရေကြီးမှုဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၁၁ ခုနှစ်က ရေကြီးမှု ကြုံခဲ့ရပေမဲ့ အခု ရေကြီးတာက အခြေအနေ ပိုဆိုးဝါးကြောင်း မြို့ခံတွေက ပြောပါတယ်။

မယ့်ပင်းမြစ်ရေ စိုးရမ်ရေမှတ်မြင့်တက်လာမှုကြောင့် မြစ်ဘေးရပ်ကွက်တွေဖြစ်တဲ့ ဆာရဖီ၊ ပါဒက်၊ ချန်းခလန်၊ နောင်ဟွိုင်၊ တာ့လတ်မိန်းမိုင်ဈေးကြီး၊ ချင်းမိုင်ညဈေး၊ မီးရထားဘူတာရုံ၊ နဝရတ်တံတား အနီး၊ ဟန်ဒုံး စတဲ့ နေရာတော်တော်များများမှာ ရေတွေ ဝင်ရောက်နေသလို အနိမ့်ပိုင်း ရပ်ကွက်တွေမှာလည်း နေအိမ်တွေထဲအထိ ရေတွေ ဝင်ရောက်တာကို ကြုံတွေ့နေရပါတယ်။

ချင်းမိုင် ဟန်ဒုံးမှာ နေထိုင်တဲ့ မြန်မာတယောက်က “အိမ်ထဲကနေ ရေတွေ ရေပိုက်နဲ့ စုပ်ထုတ်ရတဲ့ အခြေအနေထိ ဖြစ်တယ်။ ဟန်ဒုံးရဲ့ ချိုင့်အရမ်းကျတဲ့ ဘက်တွေဆို အခြေအနေတော်တော်ဆိုးတယ်။ အိမ်ထဲကနေ ဒူးအပေါ်လောက်ထိ ခြံထဲမှာ ရေဝပ်တယ်။ ညီမတို့ ရပ်ကွက်ဆိုရင်လည်း ဈေးနဲ့ နီးပေမယ့် ဈေးကို သွားလို့ရတဲ့ဘက်ကို ပိတ်ထားတာဆိုတော့ သွားလို့မရဘူး။ အိမ်ထဲမှာ ဝယ်ထားတာရှိတော့ အိမ်ထဲမှာပဲ ချက်ပြုတ် စားသောက်ရတာပေါ့။ အပြင်သွားဖို့လည်း အဆင်မပြေဘူး”လို့ ပြောပါတယ်။

ချင်းမိုင် ဒေသခံ မီဒီယာတွေကတော့ မယ့်ပင်းမြစ်တလျှောက်နဲ့ နဝရတ် တံတားအနီးမှာ မြစ်ရေ စံချိန်တင် ရေတိုးလာတာကို အချိန်နဲ့ တပြေးညီ စောင့်ကြည့် မှတ်တမ်းတင်နေပြီး၊ အစိုးရပိုင်း တာဝန်ရှိသူတွေကလည်း ပြည်သူတွေကို အမြင့်ပိုင်း ပြောင်းရွှေ့ဖို့ သတိပေးချက်တွေ ဆက်တိုက် ထုတ်ပြန်နေပါတယ်။

ချင်းမိုင်မြို့မှာ ဒုတိယအကြိမ်မြောက် စံချိန်တင် ရေကြီးလာတာကြောင့် စာသင်ကျောင်းတချို့၊ စားသောက်ဆိုင်တချို့နဲ့ ကုမ္ပဏီ လုပ်ငန်းတချို့ကိုလည်း ရပ်နားထားရပါတယ်။ ရေနစ်မြှုပ်နေတဲ့ လမ်းမကြီး တချို့ကိုလည်း ပိတ်ထားရပြီး၊ ဆိုင်ကယ်နဲ့ ကားသွားလို့ မရတဲ့ နေရာတွေမှာလည်း လှေတွေနဲ့သာ သွားရောက် နေရပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013