မလေးရှားနိုင်ငံ၊ ကာဂျန်းမြို့ရှိ အငှားအိမ်ရာတခုမှာ မြန်မာအမျိုးသမီးတယောက် အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံသယရှိ မြန်မာနိုင်ငံသား ၅ ယောက်ကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း Malay Mail သတင်းမှာ ဖော်ပြပါတယ်။
ကာဂျန်းခရိုင်ရဲချုပ်ရဲ့ ပြောကြားချက်အရ အမျိုးသမီး ၂ ယောက်အပါအဝင် အသက် ၂၈ နှစ်နဲ့ ၄၅ နှစ်ကြားအရွယ်ရှိ သံသယရှိသူ ၅ ယောက်ကို နိုဝင်ဘာ ၆ ရက် နေ့လယ် ၁ နာရီနဲ့ ညနေ ၆ နာရီခွဲအချိန်ကြားမှာ ဘန်ဒါတက်နိုလိုဂျီနဲ့ စီမန်ယိဧရိယာတွေမှာ သီးခြားစီ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးတယောက် သွေးအိုင်ထဲမှာ သေဆုံးနေတာကို မြင်တွေ့ထားတဲ့အကြောင်း အသက် ၅၂ နှစ်အရွယ် ဒေသခံ အမျိုးသားတယောက်ရဲ့ ရဲစခန်းကို ဖုန်းဆက်သတင်းပေးမှုအရ နိုဝင်ဘာ ၆ ရက်၊ မနက်အစောပိုင်း ၁ နာရီ ၉ မိနစ် အချိန်မှာ ရဲတပ်ဖွဲ့အနေနဲ့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ရာမှာ အသက် ၄၀ အရွယ် မြန်မာ အမျိုးသမီးဟာ သူ့ရဲ့အခန်းထဲရှိ အိပ်ရာပေါ်မှာ ဓားဒဏ်ရာ ၁၂ ချက်နဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ဓားတချောင်းနဲ့ သံသယရှိ အမျိုးသားတယောက်ရဲ့ အဝတ်အစားတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်း ရရှိထားပါတယ်။
ဒါ့အပြင် အငှားအိမ်ရာမှာ အခန်းနီးနားချင်းလည်းဖြစ်၊ မျက်မြင်သက်သေလည်းဖြစ်တဲ့ နာဇရွန်က သေဆုံး အမျိုးသမီးရဲ့ အခန်းဘက်မှာ အသံတွေ ပွက်လောရိုက်နေတာကို ကြားခဲ့ရပြီး အဲဒီအမျိုးသမီးရဲ့ အော်ဟစ်အကူအညီ တောင်းသံကိုလည်း ကြားခဲ့ရတဲ့အကြောင်း၊ လူသတ်တရားခံလို့ ယုံကြည်ရတဲ့ အမျိုးသားတယောက် အဆောက်အဦထဲ ကနေ ဓားကိုင်ထွက်ပြေးသွားတာကိုလည်း မြင်တွေ့ခဲ့တဲ့အကြောင်း ပြောပါတယ်။
သေဆုံးအမျိုးသမီးရဲ့ ရုပ်အလောင်းကို ဆာဒါန်းဆေးရုံမှာ ခွဲစိတ်စစ်ဆေးရာမှာတော့ ဝမ်းဗိုက်မှာ နက်ရှိုင်းတဲ့ ထိုးသွင်းဒဏ်ရာတွေကြောင့် သွေးထွက်လွန် သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
လူသတ်မှုကျူးလွန်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းဟာ မနာလိုဝန်တိုမှုကြောင့် ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သုံးသပ်ထားပြီး အခုလက်ရှိမှာတော့ သံသယရှိသူအားလုံးကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ အရ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းတစုံတရာ ရရှိပါက နီးစပ်ရာရဲစခန်းကို အကြောင်းကြားပေးဖို့လည်း ကာဂျန်းခရိုင်ရဲချုပ်က ဒေသခံပြည်သူတွေကို တိုက်တွန်း ပြောကြားထားပါတယ်။
Source/ Photo: Malay Mail