မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်သမားစေလွှတ်ရေးနဲ့ ပတ်သက်ပြီး စည်းကမ်းနဲ့ မူဝါဒတွေ တိုးမြှင့်တင်းကျပ်နေပေမဲ့ အေဂျင်စီအသစ်တွေ ထပ်တိုးလာတယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ပြည်ပအလုပ်သမားစေလွှတ်မူအပေါ် ကန့်သတ်ချုပ်ကိုင်တာတွေကြောင့် လက်ရှိလုပ်ကိုင်နေတဲ့ အေဂျင်စီတွေ လုပ်ငန်းရပ်တော့မယ့်အထိ စဥ်းစားလာကြပေမဲ့ အေဂျင်စီအသစ်တွေ တိုးမြင့်ဝင်ရောက်မြဲရှိနေပါတယ်။
ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တယောက်က “လုပ်လို့ကိုင်လို့ ကောင်းတဲ့အချိန် ဟုတ်မနေဘူး။ စည်းကမ်းတွေ တခုပြီးတခုထုတ်ပြီး တင်းကျပ်လာလို့ စိတ်ပျက်နေကြပြီ။ အေဂျင်စီအသစ်တွေက ဘယ်လိုစိတ်ကူးနဲ့ဝင်လာလဲ မပြောတတ်ဘူး။ ပြည်ပထွက်ချင်သူများလို့ အလုပ်ဖြစ်တာ မဟုတ်ဘူး၊ တဖက်က ခေါ်ဦးမှဖြစ်မှာ” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဝင်ရောက်လာတဲ့ အေဂျင်စီအများစုမှာ တခြားလုပ်ငန်းနယ်ပယ်ကနေ ရောက်လာတာမျိုး၊ စစ်ကောင်စီနဲ့နီးစပ်သူတွေ ဖြစ်ကြတယ်လို့ အဲဒီလုပ်ငန်း နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တယောက်က “စစ်ကောင်စီနဲ့နီးစပ်သူတွေက ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းကို လက်ဝါးကြီးအုပ်ဖို့ ပြင်လာတာလားဆိုတာ သံသယဖြစ်ရတယ်။ အေဂျင်စီအဟောင်းတွေ ဘေးရောက်ပြီး သူတို့က အစားထိုးဝင်မယ့်သဘော ဖြစ်ကောင်းဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်သာရှိပေမဲ့ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ အေဂျင်စီ ၅၉၈ ခုအထိ ရှိလာတာ တွေ့ရပါတယ်။
နိုဝင်ဘာလဝက်အတွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ် ၂ ခု တိုးခဲ့သလို အောက်တိုဘာလမှာ ၁၀ ခု တိုးခဲ့တယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက အသက် ၂၃ ကနေ ၃၁ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ထားသလို သွားရောက်မယ့် အလုပ်သမားတွေ လစဥ်မိသားစုဆီ တရားဝင်ငွေလွှဲဖို့ အေဂျင်စီတွေကို ကြပ်မတ်ခိုင်းတာ၊ စာချုပ်သက်တမ်းပြည့်ရင် စစ်မှုပြန်ထမ်းဖို့ တာဝန်ယူခိုင်းထားတာတွေကြောင့် အခက်တွေ့နေကြတယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။