ပြည်ပကိုသွားရောက်မယ့် အလုပ်သမားတွေ စာချုပ်သက်တမ်းပြည့်ရင် မြန်မာနိုင်ငံပြန်ပြီး စစ်မှုထမ်းမယ်ဆိုတဲ့ ခံဝန်လက်မှတ်ထိုးဖို့ ညွှန်ကြားထားတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ တချို့ဆီက သိရပါတယ်။
အလုပ်သမားတွေအနေ နဲ့ ပြည်ပမထွက်ခင် အေဂျင်စီနဲ့ သဘောတူစာချုပ်ချုပ်ဆိုရာမှာ သက်တမ်းပြည့်ရင် စစ်မှုပြန်ထမ်းပါမယ်ဆိုတဲ့အချက်ကို ထပ်တိုးထည့်သွင်းထားရတယ်လို့ ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တယောက်က “အခုမှ အဲဒီအချက်ထပ်ထည့်ရတာ။ အလုပ်သမားကလည်း ဘယ်ကြိုက်မလဲ။ ထွက်ရဖို့ အဓိကဆိုပြီးထိုးရတာပေါ့။ အေဂျင်စီတွေလည်း ထပ်ပြီးကြားညှပ်ရတာ” လို့ ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့ အေဂျင်စီနဲ့သဘောတူစာချုပ်သက်တမ်းက ၃ နှစ်ဖြစ်ပြီး စစ်မှုထမ်းပြန်ဖို့အတွက် အေဂျင်စီတွေက ကြပ်မတ်စီစဥ်ပေးရမယ်ဆိုပြီး စစ်ကောင်စီသြဇာခံအလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့လည်း လုပ်ငန်းရှင်တချို့က ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တယောက်က “မိသားစုလွှဲပို့ငွေကိစ္စမှာလည်း အေဂျင်စီတွေ စိတ်ပျက်နေတာ၊ အခုစစ်မှုထမ်းဖို့ ပြန်ခေါ်ပေးရမယ်ဆိုတော့ ပိုဆိုးတာပေါ့။ အခုကစထွက်မယ့်သူတွေ လက်မှတ်ထိုးရတာဆိုတော့ အလောတကြီးပြဿနာတော့ မဟုတ်သေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ဒီနှစ်ဆန်းပိုင်းမှာ ပြည်သူ့စစ်မူထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး စစ်မှုထမ်း အပတ်စဥ်တွေကို အသုတ်လိုက်ဖွင့်လှစ်ကာ စစ်သားစုဆောင်နေတာဖြစ်ပါတယ်။
စစ်သင်တန်းတက်ပြီး ရှေ့တန်းကို တန်းပို့နေတာကြောင့် သေဆုံးမူတွေလည်း ဆက်တိုက်ရှိနေကာ လူငယ်တွေအနေနဲ့ စစ်မှုထမ်းရမှာကို စိုးရိမ်နေကြပါတယ်။
စစ်မှုမထမ်းရစေရေး ပြည်ပထွက်တိမ်းရှောင်မှုတွေမဖြစ်အောင် အမျိုးသားတွေ အသက် ၂၃ ကနေ ၃၂ နှစ်အထိ ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ထားသလို အလည်အပတ်နဲ့ ပြည်ပထွက်သူ တွေကိုလည်း ကန့်သတ်တားဆီးတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။