Home
ရုပ်သံ
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၈၀ နီးပါး ရပ်နားခံရ
DVB
·
September 6, 2024

ပြည်ပကိုစေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ မိသားစုဆီ လွှဲပို့ငွေအထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၈၀ နီးပါး အလုပ်သမားစေလွှတ်ခွင့် ရပ်နားခံရသလို အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ခွင့်ပါ ဆိုင်းငံ့ထားတယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီက ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို ၂၀၂၃ စက်တင်ဘာလကနေ ဒီဇင်ဘာလ အထိ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေဆီ စေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အဲဒီညွှန်ကြားချက်အတိုင်း စာရင်းမတင်ပြနိုင်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇၉ ခုကို ခွင့်ပြုချက် ရရှိပြီးတဲ့ အလုပ်ခေါ်စာ (Demand Letter) တွေအတွက် စေလွှတ်ရေးလုပ်ငန်းစဉ် ဆိုင်းငံ့တဲ့အပြင် အလုပ်ခေါ်စာအသစ် တင်ခွင့်ကိုပါ ဆိုင်းငံ့လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက ပြည်ပအလုပ်အကိုင်အေဂျင်စီ ၈ ခုကို ဆိုင်းငံ့ပြစ်ဒဏ်တွေအပြင် ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ခဲ့တဲ့ အေဂျင်စီတွေကို အရေးယူမယ့် အမိန့်ကြော်ငြာစာအရ ဒဏ်ကြေးငွေကျပ် ၁ သိန်းစီ ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအေဂျင်စီတွေအနေနဲ့ ဒဏ်ကြေးပေးဆောင်ပြီး လွှဲပို့ငွေ အထောက်အထားတွေ တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီရင် စေလွှတ်ရေးလုပ်ငန်းစဉ်နဲ့ အလုပ်ခေါ်စာအသစ်တင်ပြခွင့် ပြန်လည် ခွင့်ပြု ပေးမယ်လို့ ဖော်ပြထားပါတယ်။

နောက်ထပ် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၇ ခုက စေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ မိသားစုလွှဲပို့ငွေ သတ်မှတ်ရာခိုင်နှုန်း မပြည့်မီတာကြောင့် ခွင့်ပြုချက်ရရှိပြီးတဲ့ အလုပ်ခေါ်စာ (Demand Letter) တွေအတွက် စေလွှတ်ရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်ခွင့်ပြုပေမဲ့ အလုပ်ခေါ်စာအသစ် တင်ပြခွင့်ကို ဆိုင်းငံ့ထားပြီး အထောက်အထားတင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီရင် ပြန်ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။

တခြားပြည်ပအလုပ်အကိုင်အေဂျင်စီ ၇၄ ခုနဲ့ မိသားစုလွှဲပို့ငွေ သတ်မှတ်ရာခိုင်နှုန်း ပြည့်မီတာကြောင့် အလုပ်ခေါ်စာ (Demand Letter) နဲ့ စေလွှတ်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ခွင့် ပြုထားတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားနေတာကြောင့် ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေကတဆင့် နိုင်ငံခြားငွေရရှိအောင် ဖိအားပေးမှုတွေ လုပ်နေတာကြောင့် အလုပ်သမားတွေအပြင် အေဂျင်စီတွေလည်း အခက်တွေ့နေကြတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “စာရင်းပို့နိုင်ပါတယ်ဆိုတဲ့ အေဂျင်စီတွေ တောင် ရာနှုန်းပြည့် မပို့နိုင်ဘူး။ အများဆုံး ၅၀ ရာခိုင်နှုန်းပဲ ပေးနိုင်တာ။ တဖက်ရောက်ပြီးသား သူကို ဆက်သွယ်ရတာ မလွယ်ဘူး။ ဘေးကျပ်နံကျပ်နဲ့ ဖြေရှင်းနေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက အခုလို အေဂျင်စီတွေဆီက စာရင်းတောင်းယူ ဖိအားပေးနေတဲ့အပြင် အလုပ်သမားတွေကို မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲပို့ဖို့ ပျက်ကွက်ရင် နောက်တကြိမ် ပြည်ပထွက်ခွာခွင့် ပိတ်မယ်ဆိုပြီး အကျပ်ကိုင်ထားပါတယ်။

ဒါ့အပြင် ပြည်ပရောက် မြန်မာတွေအနေနဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းကိုလည်း ဝင်ငွေခွန် ပေးဆောင် ရမယ်ဆိုပြီး ညွှန်ကြားထားပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013