ကော့သောင်းမြို့မှတ်ပုံတင် ကိုင်ဆောင်တဲ့ အမျိုးသားတွေကလွဲပြီး တခြားမြို့နယ်တွေက စစ်မှုထမ်းအကျုံးဝင်နေတဲ့ အမျိုးသားတွေကို ကော့သောင်းနယ်စပ်ဂိတ်ကနေ ဖြတ်ကျော်ခွင့် ပိတ်လိုက်တယ်လို့ ကော့သောင်းမြို့ခံ ပြည်သူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂ ရက် မနက်ပိုင်းကစပြီး ပြည်ပထွက်ခွာမယ့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေကနေ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်လိုက်တာဖြစ်ပြီး ကော့သောင်းမှတ်ပုံတင် ကိုင်ဆောင်တဲ့ အမျိုးသားတွေကိုတော့ နယ်စပ်ဖြတ်ကျော်ခွင့် ပေးထားတယ်လို့ ပြောပါတယ်။
ကော့သောင်းမြို့ခံတယောက်က “ရန်ကုန်က လေဆိပ်ပိတ်တော့ ဒီနယ်စပ်ကနေ လာထွက်ကြတယ်။ ဒီတော့ နယ်စပ်ဂိတ်ပါ ပိတ်လိုက်တာမျိုးပါ။ ကော့သောင်းမှတ်ပုံတင် ကိုင်ရင် ရတယ်။ မိန်းကလေးတွေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အခုလို အမျိုးသားတွေကို အသက်ကန့်သတ်ပြီး ကော့သောင်းနယ်စပ်ဂိတ်ကနေ ပြည်ပထွက်ခွင့် ပိတ်ထားပေမဲ့ အမျိုးသမီးတွေကတော့ အသက်ကန့်သတ်ထားတာမရှိဘဲ နယ်စပ်ဖြတ်ကျော်သွားလာခွင့် ပေးထားတယ်လို့ မြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။
တခြားမြို့နယ်က စစ်မှုထမ်းအကျုံးဝင်တဲ့ အမျိုးသားတွေကို နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်တာကြောင့် ထိုင်းနိုင်ငံ ရနောင်းဘက်ကို အလုပ်ကိစ္စနဲ့ ခရီးသွားလာသူတွေမှာ နယ်စပ်ဂိတ်ကနေ ဖြတ်ကျော်လို့မရတဲ့သူတွေ ရှိတယ်လို့ ရနောင်းမြို့မှာ နေထိုင်သူ အမျိုးသားတယောက်က ပြောပါတယ်။
“လူငယ်တယောက်ထွက်ပြီး ပြန်ဝင်လို့ရမရ အာမခံချက်မရှိဘဲ ထွက်လို့ရတယ်။ ဘာမှမဖြစ်ဘူး ဆိုတာတွေ အဲ့လိုအပြောတွေကြောင့် ထွက်လိုက်ပြီး ပြန်ဝင်လာမရတဲ့သူ ရှိတယ်ကြားတယ်။ ကျနော်ကတော့ ကော့သောင်းဘက် လှမ်းထောက်ပြီး အဆင်မပြေလို့ ထွက်မလိုက်တော့တာ။ လှေသမားတွေအတွက်တော့ ယောကျ်ား မိန်းမ မရွေး သွားနေတော့ အခု ယောကျ်ားတွေကို အသက်ပိတ်ပင်လိုက်တော့ သူတို့အတွက်လည်း ဝင်ငွေထိခိုက်တာပေါ့။ အဝင်လည်း လူကမရ၊ အထွက်လည်း လူနည်းတော့ ဝင်ငွေအရ ထိခိုက်တာရှိတာပေါ့။”
စစ်ကောင်စီက စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်လူရွယ်တွေကို လေဆိပ်မှတဆင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် ပိတ်လိုက်ပြီးနောက် ကော့သောင်းနယ်စပ်ဘက်ကနေ ထိုင်းနိုင်ငံဘက် ထွက်ခွာခွင့်ကိုပါ အမျိုးသားတွေကို အသက်ကန့်သတ်ပြီး ပိတ်ဆို့မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အသက်ပြည့်ပြီး လူငယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွင့် ပိတ်လာတာဖြစ်တယ်လို့ သိရပြီး ထိုင်းနိုင်ငံကနေ ကော့သောင်းနယ်စပ်ဘက်ကိုလည်း နေရပ်ပြန်ပို့ခံရတဲ့ လူငယ်အမျိုးသားတွေကိုပါ စစ်မှုထမ်းဖို့ဆိုပြီး အတင်းအဓမ္မ လူသစ်စုဆောင်းလာတဲ့ ဖြစ်စဥ်တွေကို ကြုံလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။