(က)
ရွာ့တောင်ကျောင်းကိုရောက်ကြ၏။ စိမ်းသရဖူစိမ်းဆရာတော်ဘုရား၏ နဂို မူလ ပထမ အစိမ်းရောင် အုတ်တံတိုင်းကြီးမှာ အနိစ္စသဘောအရ ကိစ္စချော၍ ယိုယွင်းပျက်စီးလာကာ အရောင်လွင့်ပါးပြီး သူ၏ဂုဏ်သတ္တိများ ကျဆုံးပြီးသကာလ ကွက်တိကွက်ကြားအနေအထားဖြင့် မတင့်မတယ် ဖြစ်နေပါပေတော့၏။
“ကိုယ်တော်လည်း အရင်လို စိမ်းမှောင်နေအောင် ဆေးပြန်သုတ်ဖို့ကောင်းနေပြီ ဘုရာ့။”
“အိမ်း . . . မသုတ်နိုင်သေးပါဘူး မူးသာရာ။”
“ကိုယ့်တော့်အုတ်တံတိုင်းက အခုဆို အဝေးကလှမ်းကြည့်ရင် ပြောက်ကျားယူနီဖောင်းကြီးလိုလို ဘာလိုလို။”
“အဲ . . .”
“ကိုယ်တော် ပြန်စိမ်းချင်ရင် တပည့်တော်တို့တွေ ပြန်စိမ်းပေးမယ်လေ။”
“နေပါစေဦး လုံးတုံးရာ။”
“သုတ်ရင်တော့ ‘အစိမ်းရောင်’ ပဲ မဟုတ်လား ကိုယ်တော်။”
“အေး . . . အဲ . . . အပြောင်းအလဲလေးဖြစ်သွားအောင် အခြား ဘာအရောင်သုတ်ရင် ကောင်းမလဲလို့ စဉ်းစားနေဆဲကွ မူးသာရ။”
“‘အစိမ်းရောင်’ အစား ‘အနီရောင်’ဆိုရင်ရော ဘုရား။”
“အမ် . . . တခြား သင့်တော်မယ့် အရောင်တခုခု စဉ်းစားပါရစေဦးလား။"
“ဝါး . . ဟားဟား ဟားဟား ဟားဟား။”
ငယ်ပေါင်းဆရာတော်နှင့် ငယ်ပေါင်းဒကာကျော်တို့ကား လိုက်လည်းလိုက်ကြပါလေ၏ ခင်ဗျာ။ “စိမ်းမောင့်အိမ်မှာတော့ အရင်လက်ကျန် ဆေးအစိမ်းပုံးတွေ ရှိသေးတယ် ဘုရာ့” ဟု အဘစောမူးသာက ‘ကြပ်’ ပြန်လေရာ အဘစိမ်းမောင်က “မလောက်လောက်ဘူးကွ၊ နည်းနည်းပဲကျန်တာ” ဟု ပြာပြာသလဲ ပြောတော့ ထပ်၍ ရယ်ကြပြန်ပါလေ၏။
“ဒါဆိုလည်း မူးသာ့အိမ်က ဆေးအနီပုံးတွေ မျှသုတ်လေကွာ၊ ကျောင်းညာဘက်ခြမ်းကို အစိမ်းသုတ်၊ ကျောင်းဘယ်ဘက်ခြမ်းကို အနီသုတ်၊ ဆန်းတာပေါ့ဘုရား။”
“ဟား ဟား ဟား ဟား ဟား ဟား။”
“တော်ကြကွာ၊ ဒီ မအလ . . . အဲလေ. . ဒီ နစကဥက္ကဋ္ဌလက်ထက်မှာ ဆေးဈေးတွေလည်း မိုးထိုးနေတာမဟုတ်လား၊ သုတ်တော့ သုတ်ရမှာ။”
“တင်ပါ့ဘုရား . . . သုတ်ရင်လည်း မြန်မြန်သုတ်နော်၊ အခုအုတ်တံတိုင်းကြီးက တကယ့်ကို ပြောက်ကျားကြီးဆိုတော့ စကစ တပ်စခန်းနဲ့ လူတွေမှားနိုင်သဗျား။”
“ဝါး . . ဟားဟား ဟားဟား ဟားဟား။”
(ခ)
မည်သို့ပင်ဆိုစေကာမူ လိုင်းပေါ်က ဘောမအစိမ်းတွေလည်း ကြင်စိုး သာ၀ မအလကို နင်ပဲငဆ ခပ်ကြမ်းကြမ်း ပြောလာကြသလို ပြင်ပကမ္ဘာ မြေပြင်အခြေအနေမှာလည်း တီးတိုးတီးတိုး ခပ်စပ်စပ် ဝေဖန်လာကြတာကား အားရစရာကောင်းလှပါပေ၏။
ဤရွာတင်ပဲကြည့်၊ စိမ်းသရဖူစိမ်းဆရာတော်နှင့် စိမ်းဆိုမှစိမ်းဒါယာကာကျော်တွေဟာဆိုရင်ဖြင့် မအလကြီး၏လုပ်ရပ်တွေကိုသဘောပေါက်စပြုလာပြီဟု ထင်ရပါ၏။
ဆရာတော်က အဘစိမ်းမောင်ကို “မင့်သားတော်မောင်တွေကော စစ်မှုထမ်းဖို့ စာရင်းပါတာ အခြေအနေ ဘယ်လိုလဲ” ဟုမေးရာ အဘစောမူးသာက ကြားဝင်ဖြေပေးပါလေ၏။
“စိမ်းမောင့်သားအကြီးကောင် လေမောင်ကော အငယ်ကောင် စိမ်းကိုကိုပါ ပါရုံမက ဖခမည်းတော်ကြီး သီရိပျံချီ စိမ်းမောင်လည်း မကြာခင် စစ်သင်တန်းတက်ရတော့မှာပါ ဘုရာ့။”
“ဟေ . . .”
“အခု မအလက အသက် ‘၆၅’ နှစ်အထိ စစ်ထဲကို ဆွဲသွင်းနေပြီလေ ဘုရာ့။”
“သတင်းတွေထဲမှာ တွေ့တော့တွေ့တယ်၊ သိပ်မရှင်းဘူးကွ။”
“ရှင်းပါတယ် ဘုရာ့ . . . မအလက လူတိုင်းကို ‘စစ်ပညာ’ တတ်စေ့ချင်တဲ့ စေတနာပေါ့။”
“ဒါပေမဲ့လည်း ၆၅ နှစ်ဆိုတာကြီးကတော့ မဟုတ်သေးပါဘူးကွာ။”
“ကိုယ်တော်တို့အဘလုပ်တာပဲ၊ ကိုယ်တော်တို့ အကောင်းမြင်သင့်တယ်။”
“ဒါတော့ ဝေဖန်ရမယ် လုံးတုံးရ၊ ဘယ်ကွာ . . . ၆၅ နှစ်တွေ စစ်မှုထမ်းရမယ်ဆိုတာကတော့ မဟုတ်သေးပါဘူးကွာ။”
“ဒါလည်း သူ့စေတနာပေါ့ ဘုရာ့၊ ၆၅ နှစ်ဆိုတာ စစ်သားလုပ်ဖို့ အနေတော်အရွယ်တွေပဲ။”
“မဟုတ်တာကွာ။”
“၆၅ နှစ်ဆိုတာ ငယ်တောင်ငယ်ပါသေးတယ် ဘုရာ့၊ မအလကြီးဆိုရင် ၆၈ နှစ်တောင်မှ ရှိနေပြီပဲဟာကို၊ အခုအထိ စစ်မှုထမ်းဆဲ၊ သေနတ်ကိုင်ပြီး မြောက်ကြွမြောက်ကြွလုပ်နေဆဲပဲလေ။”
“ဟေ . . . မအလ . . . အဲလေ . . . နစကဥက္ကကြီးက တကယ်ပဲ ၆၈ နှစ် ရှိပြီလား။”
“ပြည့်ခဲ့ပြီဘုရာ့၊ သူ့မွေးနေ့ရက်တုန်းကတောင်မှ မအလမွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြည်သူလူထုက ရန်ကုန်တို့ မန္တလေးတို့ရဲ့ လမ်းတွေပေါ်မှာ ‘ကွန်ဒုံး’ တွေ ဝေခဲ့ကြသေးတယ်လေ။”
“ဘာ . . . ဘာဖြစ်လို့ ကွန်ဒုံးတွေ ဝေတာလဲဟ။”
“အဲသည်နေ့မှာ မအလလို ‘သန္ဓေ’ မျိုးတွေ ခကုန်မှာစိုးရိမ်ကြလို့ပါတဲ့ ဘုရား။”
“ဝါး . . ဟားဟား ဟားဟား ဟားဟား။”
(ဂ)
အဘစိမ်းမောင်က “တပည့်တော်တို့က ၆၅ နှစ်ကျော်ပါပြီဘုရား” ဟု လျှောက်တော့ အရွှင်အဘတွေက ပြုံးစိပြုံးစိ လုပ်ကြပါလေ၏။
“အေးပေါ့ကွာ . . . ၆၅ နှစ်ကျော်သွားပြီဆိုတော့ ပြီးပြီပေါ့။”
“ပြီးမယ်မထင်သေးဘူး ဘုရာ့၊ နောက်ရက်ကျရင် ၇၀ အထိတို့၊ ၇၅ နှစ်အထိတို့ လုပ်ချင်လုပ်လာဦးမှာ။”
“အဲ . . . အဲသည်လောက်ကြီးတော့ လုပ်လိမ့်မယ် မထင်ပါဘူး မူးသာရာ။”
“ရူးနေတဲ့သူပဲ ဘုရာ့ . . . လုပ်ချင်တာ လုပ်မှာပေါ့၊ သူက ‘မလုပ်ရဲတာ ဘာမှမရှိ’ ဆိုတဲ့ ‘အရူးလက်မှတ်’ ရထားတာ မဟုတ်လား။”
“ဟား ဟား ဟား ဟား ဟား ဟား။”
“တကယ်လို့ သူ့ရဲ့ ဖက်ဆစ်တပ်သားမုန့်ဟင်းခါး မြေသြဇာ လိုအပ်ချက်အရ မြန်မာပြည်မှာ ရှိရှိသမျှ လူဝတ်ကြောင် အရပ်သားတွေ ကုန်ပြီဆိုရင် အရှင်ဘုရားတို့ သာသနာ့အာဇာနည်တွေဘက် လှည့်မလာဘူးလို့ မပြောနိုင်ဘူး။”
“ဟေ . . . ရမလားကွ လုံးတုံးရ။”
“ရ မရတော့ မသိဘူး၊ မအလကြီးရဲ့ မင်းဆရာ ဂူဂူကြီးကတော့ တခါကပြောထားတယ်လေ၊ တိုင်းပြည်အတွက် လိုအပ်ရင် ကျုပ်တို့မှာ သံဃာအင်အား ၅ သိန်းရှိတယ်လို့ အာမခံထားတယ်မဟုတ်လား။”
“ဘုရား ဘုရား ဘုရား။”
စကားဝိုင်းမှာ ရွှင်လှပါပေ၏ ခင်ဗျာ။ အခုလို ကြင်စိုး သာ၀ မအလကြီး အသည်းအသန် ခဲမှန်ပြီး တပ်ပြုတ်ကြီး ဖြစ်ကာ သူကိုယ်တိုင် နေ့လား ညလား ဖြစ်နေချိန်မှာ အစွန်းရောက်အစိမ်းတွေ သဘောပေါက်သလိုလိုဖြစ်လာတာဟာ ဝမ်းသာစရာပေါ့ ခင်ဗျာ။
“ကိုယ်တော့် ကိုယ်လုံးကိုယ်ပေါက်နဲ့ ပြောက်ကျားယူနီဖောင်းကြီးနဲ့ဆို သိပ်ကို ကြည်ညိုဖို့ကောင်းမှာပဲ။”
“အဲ . . . တော် . . . တော်စမ်းပါကွာ၊ ဒီကောင် မအလ . . . အဲလေ . . . နစကဥက္ကဋ္ဌလုပ်ပုံနဲ့တော့ မလွယ်ဘူး . . . ဟူး . . . . . . ဝှူး။”
“ဟား ဟား ဟား ဟား ဟား ဟား။”
ကြင်စိုး သာ၀ မအလကြီးဟာ အင်မတန်မှ မနာလိုစိတ်ကြီးသူ၊ ကောက်ကျစ်သူ၊ ယုတ်မာသူ၊ ရက်စက်သူ၊ သို့ပေမယ့် အကြောက်ကြီးသူ၊ 'ဣဿဿာ မစ္ဆရိယ’ စိတ်တွေ ငယ်ထိပ်တက်နေတဲ့သူဟု သုံးသပ်ပြီး အဘစောမူးသာက ဆက်ပြောပါလေ၏။
"ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့ တရားတပုဒ်ကို သတိရမိတယ် လုံးတုံးရ။”
“လင်းစမ်းပါဦး မူးသာ။”
“လူ့စိတ်သဘောအရ ‘မနာလိုစိတ်’ အားကြီးလာပြီဆိုရင် ‘ကောက်ကျစ်’ တတ်လာကြတယ်။”
“ကောက်ကျစ်တဲ့စိတ် အားကြီးလာပြီဆိုရင် ‘ယုတ်မာ’ တတ်လာကြတယ်။”
“ယုတ်မာတဲ့စိတ် အားကြီးလာပြီဆိုရင် ‘ရက်စက်’ တတ်လာကြတယ်။”
“ရက်စက်မှု အားကြီးကြီးနဲ့ လုပ်ပြီးပြီဆိုရင် ‘ကြောက်စိတ်’ ဝင်လာတတ်ကြတယ်။”
“ကြောက်စိတ် အားကြီးလာပြီဆိုရင် ‘အယောင်ယောင်အမှားမှား’ လုပ်လာကြတယ်။”
“အယောင်ယောင်အမှားမှားတွေ လုပ်ရင်းနဲ့ နောက်ဆုံး ‘ပျက်စီးကျဆုံး’ သွားကြတာပါပဲ တဲ့။”
"ဣဿဿာ မစ္ဆရိယ ဆိုတဲ့ မနာလိုဝန်တိုတဲ့စိတ်ဟာ အမှန်တကယ် ကိုယ့်ဟာကိုယ် ဖျက်ဆီးနေတဲ့စိတ်ပဲတဲ့။”
“ပျက်စီးချိန်တန်လာပြီ ဆိုရင်လည်း ဘယ်လိုအဆောင်၊ ဘယ်လိုယတြာမျိုးကမှ မစွမ်းနိုင် မကယ်နိုင်တော့ဘဲ ကျိန်းသေကို ပျက်စီးခြင်းမလှ ပျက်စီးရတော့မှာပဲတဲ့ကွ။”
“မ အ လ နဲ့ လုံး၀ ကွက်တိပဲနော်။”
“လုံး၀ ကွက်တိ လုပ်မနေနဲ့၊ မှောင်တော့မယ် ပြန်ကြစို့ မူးသာတို့။”
“အေးပါ စိမ်းမောင်ရာ . . . နင်ပဲ ၆၅ နှစ်ကျော်နေပြီဆို။”
“ကျော်ကျော်ကွာ . . . မြန်မြန်ပြန်ကြပါစို့၊ ဒီသူတောင်းစားက မလွယ်ဘူးမဟုတ်လား။”
“ဝါး . . ဟားဟား ဟားဟား ဟားဟား။”
ဖေကြီး(လေရှီး)