စစ်ကောင်စီတပ်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦးစကားကို ယုံကြည်ပြီး စစ်မှုပြန်ထမ်းတဲ့ OTS ကျောင်းဆင်း အငြိမ်းစားအရာရှိတွေ တိုက်ပွဲတွေမှာ သေဆုံးမှု တိုးလာတယ်လို့ တပ်မိသားစုဝင် တွေဆီက သိရပါတယ်။
စစ်ခေါင်းဆောင်က အရန်တပ်ဖွဲ့ဥပဒေထုတ်ပြန်ပြီးနောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(OTS) ဆင်းတွေကို လက်ရုံးတပ်တွေမှာ တာဝန်ပေးမယ်ဆိုကာ လိမ်လည်ခေါ်ဆိုခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
"ကျနော့်အဖေက အသက် ၆၄ ရှိပြီ။ ဗိုလ်မှူးနဲ့ အငြိမ်းစားယူလိုက်တာ။ OTS အပတ်စဥ် ၇၂ ကျောင်းဆင်း။ လက်ရုံးတပ်မှာ တာဝန်ပေးမှာ ၂ နှစ်ပဲ ကူညီပေးပါဆိုလို့ နေပြည်တော်မှာ ၅ လ ပိုင်းက စာရင်းသွင်းလိုက်တာ။ တလပဲ ရုံးမှာနေရတယ်။ ရမခကို ပြောင်းလိုက်တယ်။ မကြာဘူး ၇ လပိုင်းမှာ ရှေ့တန်းမှာကျသွားတယ်။”
စရဖချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက OTS ကျောင်းဆင်းအရာရှိတွေကို ရာထူးနေရာနဲ့ မက်လုံး ပေးခေါ်တာကြောင့် သြဂုတ် ၆ ရက်က စစ်မှုပြန်ထမ်းခဲ့တဲ့ ဗိုလ်ကြီး ဟန်သော်ညွန့်ဟာလည်း သပိတ်ကျင်းတိုက်ပွဲမှာ ထပ်မံသေဆုံးခဲ့တယ်လို့ စစ်မှုထမ်းဟောင်း တဦးက ပြောပါတယ်။
"ဗိုလ်ကြီးဟန်သော်ညွန့်ဆို ဒီလမှာပဲ စစ်မှုထမ်းတယ်။ ချက်ချင်းရှေ့တန်းပို့တာ။ အခုသပိတ်ကျင်း မှာကျသွားတယ်။ OTS ကျောင်းဆင်းအရာရှိတွေ လန့်နေတယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦး သူက စရဖက တဆင့်ခေါ်တာ။”
အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုပြန်ထမ်းကြတဲ့ အငြိမ်းစား အရာရှိ၊ စစ်သည်တွေကို တိုင်းစစ်ဌာနချုပ်တွေမှာ ခဏထားပြီး ၂ နှစ်စာချုပ် သို့မဟုတ် ၅ နှစ်စာချုပ် လက်မှတ် ထိုးရတာ ဖြစ်ပါတယ်။
အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့တဲ့ အရန်တပ်ဖွဲ့ဥပဒေကို လက်ရှိ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ အတည် ပြုလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။