နိုင်ငံ့အနှံ့က လူငယ်လူရွယ်တွေကို စစ်မှုထမ်းခိုင်းဖို့ နည်းမျိုးစုံနဲ့ လူစုဆောင်းနေတဲ့ စစ်ကောင်စီဟာ နေပြည်တော်ရှိ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဆိုင်ဝန်ထမ်း (စားပွဲထိုး) တွေကို စစ်မှုထမ်းဖို့အတွက် တဆိုင်လျှင် တလ တယောက်နှုန်းနဲ့ပေးဖို့ အစည်းအဝေးခေါ်ပြီး ဖိအားပေးတောင်းဆိုထားတယ်လို့ သိရပါတယ်။
စားသောက်ဆိုင်ပိုင်ရှင် နဲ့ နီးစပ်သူတဦးက “စားသောက်ဆိုင်တွေက တာဝန်ရှိသူတွေကို ထွေအုပ်ရုံးမှာ အစည်းဝေးခေါ်ပြီး ပြောတာ။ တဆိုင်ကို တလ တယောက်နှုန်းပေးရမယ်။ လူမပေးနိုင်ရင် ၅၅ သိန်းပေးရမယ်လို့ ပြောတယ်။ ဆိုင်ရှင်တွေ ဘယ်လိုဖြေရှင်းကြမလဲတော့ မသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့အခြေစိုက်ရာ နေပြည်တော်လို နေရာမျိုးမှာပါ ပြီးခဲ့တဲ့လပိုင်းကစပြီး ပေါ်ပေါ်တင်တင် အတင်းအဓမ္မ ပေါ်တာဆွဲနေတာဖြစ်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ထဲမှာ ပြီးခဲ့တဲ့လထဲမှာကတည်းက နေ့လယ်ပိုင်းတွေမှာတောင် လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
“လမ်းသွားလမ်းလာ လူငယ်တွေကိုလည်း ဆွဲတယ်။ အိမ်ထဲဝင်ပြီး ဆွဲတာတွေလည်း ရှိတယ်” လို့ ဒက္ခိဏသီရိ မြို့နယ်အတွင်း နေထိုင်တဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦးက ပြောပါတယ်။
ဒက္ခိဏသီရိမြို့နယ်အတွင်းမှာ အခုလို လမ်းသွားလမ်းလာနဲ့ အိမ်ထဲနေသူတွေအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စက်သုံးဆီဝယ်ဖို့ တန်းဆီနေတဲ့သူတွေကိုပါ အဓမ္မပေါ်တာဆွဲသွားတယ်လို့ သိရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက “ဆိုင်ကယ်ဆီထည့်ဖို့ တန်းစီနေတာ ကိုယ့်အလှည့်မရောက်သေးလို့ အနီးက လက်ဖက်ရည်ဆိုင်ထဲ လက်ဖက်ရည်သောက်ရင်း ထိုင်နေတုန်း စစ်ကားတစီးရောက်လာပြီး အထဲထိုင်နေတဲ့သူတွေကို ဆွဲသွားတာ ၆ ယောက် ပါသွားတယ်။ ကိုယ်ကတော့ အပြေးမြန်လို့ လွတ်သွားတာ” လို့ ပြောပါတယ်။
အင်းအားလိုအပ်နေတဲ့ စစ်ကောင်စီအနေနဲ့ အခုလို အတင်းအဓမ္မ ပေါ်တာဆွဲနေတာဟာ မိုးရာသီအကုန် ပွင့်လင်းရာသီမှာ ရှေ့တန်းပို့ဆောင်ဖို့ ဖြစ်နိုင်တယ်လို့လည်း စစ်ကောင်စီအသိုက်အဝန်းနဲ့ နီးစပ်သူတွေက သုံးသပ်ပြောဆိုပါတယ်။