Home
နိုင်ငံတကာ
ရွေးကောက်ပွဲအကြိုကာလ အိန္ဒိယနိုင်ငံ အာသံပြည်နယ်က မွတ်ဆလင်များ အိုးအိမ်မဲ့ဖြစ်
DVB
·
July 29, 2025
Photo: REUTERS/Sahiba Chawdhary

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ဂိုးလ်ပါရာမြို့က ဟင်းလင်းပြင်ကုန်းမြေပေါ် ဇူလိုင်လ အပူရှိန်ကျဲကျဲအောက်မှာ အပြာရောင် ရွက်ဖျင်တဲတွေ ဖြန့်ကြက် ဆောက်လုပ်ထားပါတယ်။

အာဏာပိုင်တွေရဲ့ နှင်ထုတ်မိန့်ကြောင့် နေအိမ်တွေကို မြေထိုးစက်တွေနဲ့ ဆက်တိုက် ဖြိုချခံရပြီးတဲ့နောက် ရာနဲ့ချီတဲ့ ရွှေ့ပြောင်း မွတ်စလင် အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ဒီရွက်ဖျင်တဲတွေထဲမှာ ခိုလှုံနေကြပါတယ်။

အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ခွဲခြားဆက်ဆံခံရပြီး နိုင်ငံရေးအရ လှုံ့ဆော်မှုလို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အတိုက်အခံ လွှတ်တော်အမတ်တွေက ပြောပါတယ်။

ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီက လာမယ့်နှစ်အစောပိုင်းမှာ ပြန်ရွေးကောက်ခံဖို့ ကြိုးစားနေတဲ့ အာသံပြည်နယ်က ဖြိုခွင်းမှုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီလို့ တံဆိပ်တပ်ထားတဲ့ မွတ်စလင်တွေကို တနိုင်ငံလုံးမှာ ဖြိုခွင်းမှုတရပ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

၂၀၂၄ ခုနှစ် သြဂုတ်လမှာ အိန္ဒိယ လိုလားတဲ့ ဝန်ကြီးချုပ်တယောက်ကို ဖြုတ်ချပြီးတဲ့နောက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေပါတယ်။

သွေးကြွနေသူ အာသံဝန်ကြီးချုပ် ဟီမန်တာ ဘစ္စဝါ ဆာမာကတော့ အိန္ဒိယရဲ့ ကိုယ်ပိုင်အမှတ်အသားကို ခြိမ်းခြောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ပစ်မှတ်ထားတာလို့ ပြောရင်း ဖြိုချဖျက်ဆီးမှုတွေကို ခုခံကာကွယ်ခဲ့ပါတယ်။

ဒါပေမဲ့ နှင်ထုတ်ခံရသူ အများစုက သူတို့ဟာ သက်သေပြဖို့ ဆယ်စုနှစ်များစွာ သက်တမ်းရှိတဲ့ စာရွက်စာတမ်းတွေကို ကိုင်ဆောင်ထားတဲ့ အိန္ဒိယနိုင်ငံသားတွေလို့ ပြောပါတယ်။

“သူတို့က ကျနော်တို့အိမ်တွေကို ဖြိုဖျက်ပြီး ဒီစခန်းကို ပြောင်းခိုင်းတယ်” လို့ ရွှေ့ပြောင်းခံရသူ ရှားဂျမယ်လ် ဟူစိန်က ပြောပါတယ်။

“အစိုးရက ကျနော်တို့ကို လာမဆက်သွယ်ဘူး၊ အုပ်ချုပ်ရေးက ဘယ်သူမှ ကျနော်တို့ဆီ မလာဘူး။ ဆင်းရဲတဲ့လူတွေက စခန်းမှာ နေနေရတယ်၊ စားနပ်ရိက္ခာ လုံလုံလောက်လောက် မရဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ဖြုတ်ချခံရပြီးတဲ့နောက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေး ပိုဆိုးလာတယ်လို့ အကဲခတ်တွေက ပြောနေချိန်မှာ ခုလို နှင်ထုတ်တာတွေဟာ မွတ်စလင်ဆန့်ကျင်ရေး မူဝါဒတွေကို ပိုကျယ်ကျယ်ပြန့်ပြန့် ထင်ဟပ်စေပြီး အားနည်းသူတွေကို အန္တရာယ်ဖြစ်စေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဒီအခြေအနေက BJP ပါတီကို မဲတွေအတွက် နိုင်ငံရေးလက်နက်အဖြစ် သုံးဖို့ အခွင့်အရေး ပေးနေတယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် မေလမှာ ၀န်ကြီးချုပ် ဖြစ်လာပြီးကတည်းက အာသံဝန်ကြီးချုပ် ဆာမာရဲ့ အစိုးရဟာ မြေဧရိယာ ၁၆၀ စတုရန်းကီလိုမီတာကနေ ဘင်္ဂါလီမွတ်ဆလင် အယောက် ၅၀,၀၀၀ ကို နှင်ထုတ်ခဲ့ပါတယ်။

မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနရဲ့ တောင်းဆိုချက်ကိုတော့ အာသံဝန်ကြီးချုပ်က မတုံ့ပြန်ခဲ့ပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013