
အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ရာဂျက်စ်သန်ပြည်နယ်မှာ စာသင်ကျောင်း အဆောက်အအုံတခုရဲ့ ခေါင်မိုး ပြိုကျပြီးနောက် ဇူလိုင် ၂၅ ရက်က ကလေးငယ် ၇ ယောက် ထက်မနည်းသေဆုံးပြီး တခြားအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
ဒါဇင်နဲ့ချီတဲ့လူတွေ အပျက်အစီးတွေအောက်မှာ ပိတ်မိနေမှာကို စိုးရိမ်နေကြပါတယ်။ ရာဂျက်စ်သန်ပြည်နယ် အဆင့်မြင့်ပညာရေးဝန်ကြီး ပရင်းမ်ချန်းဘားရ်ဝါက “လက်ရှိ ရရှိထားတဲ့ အချက်အလက်တွေအရ ကျောင်းမျက်နှာကြက် ပြိုကျပြီးတဲ့နောက်မှာ ဝမ်းနည်းစရာ အဖြစ်အပျက်က ကလေး ၇ ယောက် သေဆုံးခဲ့ရတာဖြစ်ပြီး တခြားကလေးတွေ အများကြီးလည်း ဒဏ်ရာရထားတယ်” လို့ ပြောပါတယ်။
အာဏာပိုင်တွေဟာ ကရိန်းတွေကို အသုံးပြုကာ အခင်းဖြစ်တဲ့နေရာမှ အပျက်အစီးတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေချိန်မှာ မတော်တဆဖြစ်တဲ့နေရာမှာ ဒေသခံတွေ စုဝေးနေကြပြီး ကလေးတွေရဲ့ မိသားစုဝင်တွေကတော့ စိုးရိမ်ပူပန်ပြီး မျက်ရည်ကျနေပါတယ်။
ဒေသခံရဲအရာရှိတယောက်ကတော့ ကျောင်းအဆောက်အအုံဟာ အိုမင်းဟောင်းနွမ်းနေပြီဖြစ်ပြီး ဒေသတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခေါင်မိုး ပြိုကျခဲ့ဖွယ်ရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source:Reuters