Home
မြန်မာသတင်း
UNHCR က ဒုက္ခသည်အချက်အလက် အိန္ဒိယထံ လွှဲပေးမှု တာဝန်ယူပေးရန် တောင်းဆို
DVB
·
July 12, 2025

အိန္ဒိယအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဆီက အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေ အပါအဝင် တခြားခိုလှုံသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးချပြီး ဖမ်းဆီး နေရပ်ပြန်ပို့တာတွေ ရှိနေတဲ့အတွက် UNHCR အနေနဲ့ တာဝန်ယူပေးဖို့ အိန္ဒိယမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေက ဆန္ဒပြတောင်းဆိုပါတယ်။

UNHCR က ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး အိန္ဒိယအစိုးရဟာ မြန်မာဒုက္ခသည်တွေကို ဖမ်းဆီးပြီးတော့ တချို့ကို စစ်ကောင်စီလက်ထဲ အပ်နှံခဲ့တယ်လို့ အရပ်ဘက်အဖွဲ့ ၁၄၁ ဖွဲ့က ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အိန္ဒိယအစိုးရဟာ UNHCR ဆီက ရရှိတဲ့ အချက်အလက်တွေနဲ့ မြန်မာနိုင်ငံသား ၂၆၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီအဖမ်းခံထားရတဲ့ထဲက အမျိုးသား ၂ ယောက်ဟာ အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရပါတယ်။ ၁၃၄ ယောက်ကိုတော့ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပြီး ကျန်ရှိနေတဲ့ ၁၂၅ ယောက်ကို ဆက်လက် ဖမ်းဆီးထားပါတယ်။

အိန္ဒိယရောက် ရိုဟင်ဂျာ ဒုက္ခသည်တယောက်က “ကျနော်တို့ မြန်မာပြည်ကို ပြန်ပို့ခံရတာ ကျနော့်သားအကြီးဆုံး ပါတယ်။ ကျနော့်ယောက်ဖ ပါတယ်။ ကျနော်တို့ အမအကြီးဆုံး ပါတယ်။ ကျနော်တို့ အစ်ကိုအကြီးဆုံး ပါတယ်။ အားလုံး ကျနော်တို့ ခရစ်ယာန်တွေက ၁၅ ယောက်ပါတာ။ ကျနော်တို့အမျိုးတွေ ဖြစ်တယ်။ အခုထက်ထိ UN က သူတို့ကို ဘယ်နေမှာထားတယ်ဆိုတာ အခုထက်ထိ မသိဘူး။ ရုံးကနေ သူတို့ ဘယ်မှမသွားဘူး။ သူတို့က UN က ပြောတယ်၊ ကွန်ပလိန်း လုပ်ရမယ်။ ဟုတ်တယ် ငါတို့ ကွန်ပလိန်းလုပ်တယ်၊ ကျနော်တို့ ကွန်ပလိန်းလုပ်တာ ကျနော်တို့ အရိုက်ခံရတယ်၊ အဆဲခံရတယ်။ မြန်မာပြည် ပို့ခံရတယ်။ ဒီတော့ ကျနော်တို့ ဘယ်လိုမျိုး ကွန်ပလိန်းလုပ်မလဲ။ အခုဆို ကျနော်တို့က ကျနော်ကိုယ်တိုင် အခု ထွက်ပြေးနေတယ်။ အိမ်မှာ မနေဘူး။ မိသားစုနဲ့ မနေနိုင်ဘူး။ ကလေးတွေဆိုရင် ပိုဆိုးတယ်။ သူတို့ အရမ်းကြောက်တယ်။ ကျောင်းတောင်မှ မသွားဘူး။ ငါတို့ကို ဖမ်းသွားမယ်၊ သူတို့ရဲ့ စိတ်ထဲမှာ အဲလိုဝင်သွားတယ်။ ကျနော်တို့ အလုပ်လည်း မရဘူး။ ပြီးရင် ရဲတွေက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အလုပ်မလုပ်ခိုင်းနဲ့ ဆိုတာ သူတို့ ပြောပြီးသား။ အဲဒါ အလုပ်လည်း မလုပ်နိုင်ဘူး။ သေလည်း မသေနိုင်ဘူး။ ရှင်လည်း မရှင်နိုင်ဘူး။ အဲလိုဖြစ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေးကြောင့် ၂၀၂၅ မှာ စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို အိန္ဒိယက အသိအမှတ်ပြုလိုက်ရင် အိန္ဒိယက မြန်မာဒုက္ခသည်တွေ အကျပ်အတည်းတွေ ပိုရင်ဆိုင်လာရနိုင်တဲ့အပေါ်လည်း စိုးရိမ်နေကြပါတယ်။

UNHCR ဟာ ဒုက္ခသည်တွေရဲ့ နောက်ဆုံးမျှော်လင့်ချက်နဲ့ အားကိုးရာဖြစ်တဲ့အတွက် အခုလို ဒုက္ခသည်တွေရဲ့ လျှို့ဝှက်ရမယ့် ကိုယ်ရေးအချက်အလက်တွေကို လုံလောက်တဲ့ အကာအကွယ် မရှိဘဲ အိန္ဒိယအစိုးရဆီ လွှဲပြောင်းပေးခဲ့တဲ့အပေါ် တာဝန်ယူစေချင်တယ်လို့ India For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“အခုချိန်မှာ ကျနော်တို့ အစိုးရမရှိတဲ့ မြန်မာနိုင်ငံပုံစံမျိုး ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ အားကိုးရမယ့်ဟာက ပြည်တွင်းမှာသော်လည်းကောင်း ပြည်ပမှာသော်လည်းကောင်း ဒီ UNHCR အပါအဝင် UN အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေ အကုန်လုံးဆိုရင် ထောင်ဒဏ်ကျခံရပြီး‌ နောက်ပိုင်းအထိကို သူတို့က ဆက်ပြီးတော့မှ ထောင်ထဲမှာ ဖမ်းတဲ့ဟာမျိုး ရှိတဲ့အခါကျတော့ ဒီဟာကို ကယ်ထုတ်နိုင်ဖို့က UNHCR ပဲရှိတယ်။ မဟုတ်ဘူးဆိုရင်တော့ နိုင်ငံရေး ပြန်တည်ငြိမ်တဲ့အခါကျရင် သက်ဆိုင်ရာအစိုးရက ကယ်ထုတ်နိုင်မယ့် သဘောသဘာဝ ရှိတယ်ဆိုတော့ ဖမ်းခံရတဲ့သူအားလုံးက စစ်ကောင်စီလက်ထဲကို မရောက်ချင်ဘူး။ ပြီးတော့ ဒီမြန်မာနိုင်ငံသားတွေ အားလုံးက ကိုယ့်အစိုးရမဟုတ်တဲ့ စစ်ကောင်စီလက်ထဲကို အလွှဲမခံချင်ဘူး ဖြစ်တဲ့အခါကျတော့ UNHCR က ဒါကို တာဝန်ယူ တာဝန်ခံစေချင်တယ်။”

မြန်မာဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို အိန္ဒိယအစိုးရထံ အကာအကွယ်မဲ့ အချက်အလက် လွှဲပြောင်းပေးခဲ့မှုတွေကြောင့် UNHCR-India က တာဝန်ရှိသူတွေကို UNHCR ရုံးချုပ်အနေနဲ့ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ မြန်မာဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ စိန်ခေါ်မှုတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ကိုလည်း India For Myanmar နဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၄၁ ဖွဲ့က UNHCR ရုံးချုပ်ကို အိတ်ဖွင့်ပေးစာ ပေးခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး UNHCR ရဲ့ အာရှတိုက်အတွက် ပြောရေးဆိုခွင့်ရှိသူ ဘဘာ ဘာလော့ချ်က ‘UNHCR အနေနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ကျနော်တို့ ချမှတ်ထားတဲ့ မူဘောင်တွေအရ အသုံးပြုတာဖြစ်ပြီး ဒုက္ခသည်တွေကို ပြန်အပို့ခံရခြင်းကနေ ကာကွယ်ဖို့သာ အသုံးပြုတယ်’  လို့ DVB ကို အီးမေးကတဆင့် ဖြေကြားခဲ့ပါတယ်။

မေ ၆ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည် အယောက် ၄၀ ကို အိန္ဒိယအစိုးရက နေအိမ်တွေထဲအထိ ဝင်ဖမ်းပြီး မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ UNHCR လွှဲပေးတဲ့ အချက်အလက်ကို အခြေခံပြီး ရိုဟင်ဂျာတွေ ဖမ်းဆီးတာ၊ မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူတွေကို နေအိမ်ထိ ဝင်ရောက်စစ်ဆေးတဲ့နေရာမှာ အသုံးပြုခဲ့တယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။

အိန္ဒိယရောက် မြန်မာဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ချင်းဒုက္ခသည်ကော်မတီ - နယူးဒေလီ (CRC) ကလည်း ဇူလိုင် ၇ ရက်ကစလို့ မြန်မာဒုက္ခသည်တွေအနေနဲ့ UNHCR ရဲ့ အကာအကွယ်ရဖို့နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပေးဖို့ UNHCR India ရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာ ဇူလိုင် ၁၁ ရက်နေ့ထိဆိုရင် ၅ ရက်ကြာလာခဲ့ပြီလည်း ဖြစ်ပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013