Home
နိုင်ငံတကာ
အိန္ဒိယ အလုပ်သမားနှင့် လယ်သမားများ ပြည်လုံးကျွတ် သပိတ်ဆင်နွှဲ 
DVB
·
July 11, 2025
Photo :Reuters

အိန္ဒိယအစိုးရရဲ့ အလုပ်သမားနဲ့ စီးပွားရေးမူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အလုပ်သမားသမဂ္ဂ ၁၀ ဖွဲ့နဲ့ လယ်သမားတွေအပါအဝင် ထောက်ခံသူတွေဟာ ဇူလိုင် ၉ ရက်က နိုင်ငံတဝန်း အကြီးအကျယ် သပိတ်မှောက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းနဲ့ အလုပ်သမား အခွင့်အရေးတွေ လျော့ရဲခြင်းတို့ကို ရှုတ်ချတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

All India အလုပ်သမားသမဂ္ဂကွန်ဂရက် အထွေထွေအတွင်းရေးမှူး အာမာဂျိကူးအားက  “အလုပ်သမားသမဂ္ဂတွေနဲ့ စကားမပြောဘဲ အလုပ်သမားဥပဒေ စည်းမျဉ်း ၄ ခု ချမှတ်လာတယ်။ ပြီးတော့ အမြတ်ထုတ်တာတောင်မှ ကျနော်တို့ရဲ့ အများပိုင်ကဏ္ဍကို ပုဂ္ဂလိကပိုင်ဖြစ်အောင် အဆက်မပြတ် ကြိုးစားနေတယ်။ အများပိုင် ဝန်ဆောင်မှုတွေကိုလည်း ပုဂ္ဂလိကပိုင် ဖြစ်အောင် လုပ်နေတယ်။ ပညာရေး၊ ကျန်းမာရေး၊ အရာအားလုံးက ဈေးကြီးတယ်” လို့ ပြောပါတယ်။

ဆန္ဒပြပွဲတွေမှာ အလုပ်သမား ထောင်ပေါင်းများစွာ ပါလာလို့ ဘဏ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ စာတိုက်နဲ့ တခြားအများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ပြတ်တောက်သွားပါတယ်။

ဒါ့အပြင် လယ်သမားအများအပြားလည်း သပိတ်မှာ ပါလာခဲ့ကြပြီး လှုပ်ရှားမှုကို မြှင့်တင်ခဲ့ကြပါတယ်။

လယ်သမားခေါင်းဆောင် ဗီဂျူးခရစ်ရှနန်က “ဒီလှုပ်ရှားမှုဟာ တောင်သူလယ်သမားတွေ၊ စိုက်ပျိုးရေးလုပ်သားတွေနဲ့ အလုပ်သမားလူတန်းစားတွေရဲ့ ညှိနှိုင်းရုန်းကန်မှုတခုပါ။ လယ်သမားတွေက သပိတ်မှာ ဝင်ပါလာတာက သူတို့ရဲ့ ကောက်ပဲသီးနှံအတွက် ဝင်ငွေကောင်းတဲ့ဈေးနဲ့ ဝယ်ဖို့ တောင်းဆိုနေပြီး အာမခံထားတဲ့စျေးနဲ့  မဖြစ်မနေဝယ်ဖို့က ဖြစ်မလာလို့ပါ။ ထုတ်လုပ်မှုစရိတ်က တိုးလာပြီး စိုက်ပျိုးရေး သွင်းအားစုကဏ္ဍကို ကုမ္ပဏီနည်းနည်းက အာဏာရှင်ဆန်ဆန် ထိန်းချုပ်ထားတာကြောင့်ပါ” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လုပ်ခလစာ၊ စက်မှုလုပ်ငန်း ဆက်ဆံရေး၊ လူမှုဖူလုံရေး၊ လုပ်ငန်းခွင် ဘေးကင်းရေးနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေများဆိုင်ရာ အလုပ်သမားဥပဒေအသစ် ၄ ရပ်ကို ဖျက်သိမ်းရေး အပါအဝင် တောင်းဆိုချက် ၁၇ ချက်ပါတဲ့ ပဋိညာဉ်ကို တောင်းဆိုထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အိန္ဒိယလွှတ်တော်က အလုပ်သမားဥပဒေတွေကို အတည်ပြုခဲ့ပြီး နောက်ပိုင်းမှာ အငြင်းပွားနေတာလည်း ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013