
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဒေါင်းစပါးကွင်းကျေးရွာကို သြဂုတ် ၂၈ ရက် ညနေပိုင်းမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် သားအမိ ၂ ယောက် သေဆုံးတဲ့အပြင် ကလေးတယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
သေဆုံးသူ သားအမိက ဒေါင်းစပါးကွင်းရွာက အသက် ၃၄ နှစ်အရွယ် မဇင်မာသင်းနဲ့ အသက် ၆ နှစ်အရွယ် မယွန်းမီလို့ သိရပြီး စစ်တပ်က ဒရုန်းနဲ့ ဗုံးလာကြဲချိန် ရှောင်တိမ်းရင်း ထိမှန်သေဆုံးတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ပထမ လက်နက်ကြီးနဲ့ အရင်ပစ်တော့ သားအမိ ၃ ယောက် ဖလမ်ပင်ရွာသစ် စက်ဘီးလေးနဲ့ ပြေးကြတာ။ ရွာအနောက်ရောက်တဲ့အချိန် သားအမိ ၂ ယောက်ထိပြီး ပွဲချင်းပြီး ဆုံးသွားတာ။ ကလေးတယောက်ကတော့ လက်နက်ကြီးအစ ထိထားတယ်။”
စစ်တပ်က ဒေါင်းစပါးကွင်းကျေးရွာကို အုတ်ဖိုမြို့နယ် အလယ်ကုန်းရဲစခန်း၊ ရှောက်တင်ကွင်းနဲ့ ဝိုင်ရဲကင်းစခန်းတို့ကနေ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်နေတာဖြစ်ပြီး ဒရုန်းနဲ့ လာရောက်ဗုံးကြဲတာလည်း ၃ ကြိမ်နီးပါး ရှိတယ်လို့ ပြောပါတယ်။
အုတ်ဖိုမြို့နယ်နဲ့ ကြို့ပင်ကောက်မြို့နယ်ကြားက ကျေးရွာတွေကို သြဂုတ်လအတွင်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာခံတချို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။