Home
မြန်မာသတင်း
ချင်းပြည်နယ်၌ ဘုရားကျောင်းများ အပါအဝင် ဘာသာရေးနေရာ ၁၀၀ ကျော် ဗုံးကြဲခံရပြီး ပျက်စီး 
DVB
·
August 28, 2025
Photo: CNDF

ချင်းပြည်နယ်မှာ  စစ်တပ်အာဏာသိမ်းပြီးနောက်  ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၆၇ ကျောင်း အပါအဝင် ဘာသာရေးအဆောက်အအုံ ၁၀၀ ကျော် ထိ ထိခိုက်ပျက်စီးခဲ့ရတဲ့အကြောင်း UCA News မှာ ဩဂုတ် ၂၇ ရက်က ဖော်ပြပါတယ်။

ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဘုန်းတော်ကြီး Lucius Hre Kung က တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအတွင်း သူ့ရဲ့ သာသနာ့နယ်မြေမှာ ပျက်စီးခဲ့ရတဲ့ ဘုရားကျောင်းကို ပြန်လည်တည်ဆောင်နိုင်ဖို့ မျှော်လင့် တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ချင်းပြည်နယ် ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတဲ့ ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာရဲ့ ကက်သလစ် Christ the King's Church ဘုရားကျောင်းသစ်ကို မကြာသေးမီက လာရောက်လည်ပတ်ချိန်မှာ ခုလို မိန့်ကြားခဲ့ပါတယ်။

“သူတို့က ဘုရားကျောင်းရဲ့ တံတိုင်းတွေကို ဖျက်လိုက်ပေမဲ့။ ငါတို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံနေသေးတယ်၊ ဖလမ်းမြို့က ဘုရားသခင်ကို လူတွေက ဆက်ပြီး ယုံကြည်ပြီး မျှော်လင့်နေကြတယ်။”

ဒါ့အပြင် သူက ဘုရားကျောင်းနဲ့ အနီးတဝိုက်ကို သွားရောက်လည်ပတ်ခဲ့ချိန်မှာ ပျက်စီး ဆုံးရှုံးမှုတွေကို အကဲဖြတ်ကာ ဒေသခံတွေကို နှစ်သိမ့်ပေးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ဘုရားကျောင်းကိုတော့ ဖလမ်းဒေသက ကက်သလစ်ဘာသာဝင် ၁,၀၀၀ နီးပါးရဲ့ အကူအညီနဲ့  ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင် ဝတ်ပြုကိုးကွယ်ခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလတွေအတွင်း စစ်တပ်ရဲ့ ပြင်းထန်စွာ ဖိနှိပ်မှုကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Source :  UCA News

Photo: CNDF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013