Home
ရုပ်သံ
ကနီ ပအဖ တာဝန်ခံ အပါအဝင် ၁၃ ဦးကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများကို ပြည်သူပိုင်သိမ်း
DVB
·
August 31, 2025

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပအဖတာဝန်ခံအပါအဝင် ၁၃ ယောက်ကို ထိန်းသိမ်းပြီးနောက် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင် သိမ်းယူပြီး MOD နဲ့ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေပါတယ်။

သူတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရးဝန်ကြီးဌာန MOD၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးအဖွဲ့က ဩဂုတ် ၂၄ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ငွေကြေးအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု အပါအဝင် တခြားစွပ်စွဲခံရတဲ့ အမှုအများအပြား ရှိနေတဲ့အတွက် သူတို့ကို NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဒေသခံ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။

ကနီ ပအဖ ခေါင်းဆောင်နဲ့အတူ ထိန်းသိမ်းခံရသူတွေဟာ နာမည်ပျက်တွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာကြောင့် ၂၀၂၄ ဒီဇင်ဘာလကတည်းက NUG က အချက်အလက် ခိုင်လုံအောင်စုံစမ်းခဲ့ပြီး ၉ လနီးပါးအကြာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ကနီဒေသခံ PDF ရဲဘော်တယောက်က “၂၄ ရက်နေ့ ည ၁၀ နာရီမှာ ဖမ်းဆီးလိုက်တာပါ။ ၁၃ ယောက်ပါ။ စစ်ဆေးမယ့်တာဝန်ကတော့ MOD အနေနဲ့ သက်ဆိုင်ရာတွေက စစ်ဆေးပါလိမ့်မယ်။ ကျူးလွန်ထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုတော့ အကုန်သိမ်းဆည်းပါလိမ့်မယ်။ အချက်အလက် ရရှိသမျှတွေကတော့ သိမ်းဆည်းထားပါတယ်။ သူတို့မှာ တခြားပြောပြလို့မရတဲ့ စစ်ဆေးမှုတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ စစ်ဆေးရာမှာ ဆက်လက် လုပ်ဆောင်နေတာတွေ ကျန်ပါသေးတယ်။ အစိုးရတရပ်အနေနဲ့ ကိုယ်ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိလာတာတော့ NUG ရဲ့ ပုံရိပ်ကောင်းလာနိုင်သလို ဒီလုပ်ဆောင်ချက်တွေအပေါ်မှာ မူတည်ပြီးတော့ ပြည်သူတွေကတော့ အားရနှစ်သက်မှုတွေတော့ မြေပြင်မှာ တွေ့ရတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့လည်း ၂၀၂၄၊ ၁၂ လပိုင်းကနေ ရေကြောင်းအခွန်ကစ စိစစ်ပြီးတော့ ကျူးလွန်မှု အချက်အလက်တွေကို ရှာဖွေပြီးမှ NUG ကို တင်ပြပြီးမှ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆောင်ရွက်နိုင်ဖို့တွေကို ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ချက်ချပြီးမှ အကောင်အထည်ဖော်ခဲ့တာပါ။ တခြားမြို့နယ်တွေလည်း နမူနာအဖြစ် လုပ်ဆောင်ကြမယ်လို့လည်း ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကနီ ပအဖခေါင်းဆောင်နဲ့အတူ ထိန်းသိမ်းခံရသူတွေဟာ ငွေကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီး အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

၂၀၂၄ နိုဝင်ဘာ ၄ ရက်နေ့က NUG ကနီပညာရေးတာဝန်ခံ၊ ဇနီးနဲ့ လသားအရွယ်ကလေးငယ်တို့ နေအိမ်မှာ သတ်ဖြတ်ခံခဲ့ရတဲ့အမှုဟာ လက်ရှိအချိန်အထိ လက်သည်မပေါ်ခဲ့ဘဲ  ကနီနယ်ထဲမှာ အချင်းချင်း ဖမ်းဆီးတာတွေ၊ အနိုင်အထက်ပြုတာတွေရှိခဲ့တာပါ။

ကနီဒေသခံတယောက်က “ငွေသိန်းပေါင်း တသောင်းကျော်လောက် ကွာဟတယ် ဆိုပြီးတော့ ၆(မ) ဂိတ်မှာဆိုပြီးတော့ ကြားလိုက်သေးတယ်လေ။ နောက်ဆက်တွဲလည်း သူတို့ တဆင့်စကား တဆင့်နားနဲ့ ကြားရတာကတော့ ပသုံးလုံးနေရာ ခေါင်းဆောင်ပိုင်း နေရာယူထားတဲ့ ကောင်တွေက မိန်းမကိစ္စ အရှုပ်အရှင်းတွေ၊ လူမှုရေးအရှုပ်အရှင်းတွေ၊ ပြီးလို့ရှိရင် ငွေရေးကြေးရေးပိုင်းတွေ သူတို့စိတ်တိုင်းကျ အဲဒီလိုမျိုးသွားနေတယ်လို့ ကြားသိရတဲ့အပိုင်းတွေတော့ ရှိတယ်။ ပြစ်မှုကြီး ထင်ရှားနေပါလျက်နဲ့ ပြင်းပြင်းထန်ထန်မှ အရေးမယူဘူး ဆိုရင်တော့ ကျနော်တို့ ဒေသခံတွေအနေနဲ့က လက်ခံပေးနိုင်မှာ မဟုတ်ဘူးဗျ။ ဒေသခံတွေ ဖြစ်စေချင်တဲ့ အနေအထားကတော့ အရေးကိုယူမှကို လက်ခံပေးနိုင်မယ့် အနေအထားမျိုးဗျ။ ဒါ ပြည်သူပိုင်ငွေကြေး၊ နောက် တော်လှန်ရေးအတွက် ပြည်သူက လှူဒါန်းထားတဲ့ ငွေကြေး၊ လမ်းမှာ ဂိတ်ထောင်တောင်းထားပြီးမှ ရတဲ့ငွေကြေးတွေကို ဒီကောင်တွေက အလွဲသုံးစားလုပ်တာ။ ဒါ ဒလန်ထက်ဆိုးတဲ့ကိစ္စပဲဗျ” လို့ ပြောပါတယ်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က NUG အနေနဲ့ ဒီနှစ်မကုန်ခင်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ရှိတယ်လို့ ဩဂုတ်လ တတိယအပတ်မှာ ပြောဆိုခဲ့ပြီးနောက် အခုလို မြေပြင်က ပြဿနာတွေအပေါ် မြင်သာတဲ့ အရေးယူ ဆောင်ရွက်မှုရှိ လာတာပါ။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၄ တပ်ရင်းမှူးကိုလည်း သြဂုတ် ၂၆ ရက်နေ့မှာ MOD စစ်ရေးချုပ်ရုံးအဖွဲ့နဲ့ ယင်းမာပင်ခရိုင်  ကွပ်ကဲရေးတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဗားရ်တံတားမှာ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီရမိခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး အထက်ကညွှန်ကြားချက်နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ဗဟိုစစ်ရေးချုပ်နဲ့အတူ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးတို့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013