
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒူးပလာခရိုင်၊ KNLA အမှတ် (၆) တပ်မဟာ၊ KNDO ကရင်အမျိုးသားကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တို့က စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပေါ်ကို ပူးပေါင်းပါဝင်ခြင်း လုံးဝမပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ကူညီပံ့ပိုးပါက အဖွဲ့အစည်းဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးချင်းဖြစ်စေ KNU က ချမှတ်ထားတဲ့ ကော်သူးလေ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။
အာဏာသိမ်း စစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲက ပြည်သူ တရပ်လုံးရဲ့ သဘောထားကို ဆန့်ကျင်ပြီး၊ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ အတင်းအဓမ္မ ဖမ်းဆီးမှု စတဲ့ လုပ်ရပ်တွေ ကျူးလွန်ပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် လက်ရှိနိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းနိုင်မယ့် နည်းလမ်း မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတမှာ မဟုတ်ဘဲ အာဏာသိမ်း စစ်ကော်မရှင် ဗိုလ်ချုပ်တွေနဲ့ မိသားစုဝင်တွေနဲ့ အသိုက်အဝန်း အပေါင်းပါတွေ၊ စစ်တပ် လက်သပ်မွေးထားတဲ့ နိုင်ငံရေးအမည်ခံ ပါတီတွေ အာဏာရဖို့အတွက်သာ ဖြစ်ပြီးတော့ တိုင်းရင်းသားပြည်သူတွေအားလုံးအတွက် ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ထားပါတယ်။