
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ သြဂုတ် ၃၁ ရက် မနက်မှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီ စစ်ကြောင်းက ကပစ ၂၄ ထဲကနေ ၂၉ ရက်နေ့က ထွက်လာတာ။ စစ်ကား ၄ စီးနဲ့ အင်အား ၂၀၀ ကျော်လောက်ပါတယ်။ သူတို့သွားလာလမ်းတလျှောက်မှာ တပ်ဖြန့်ပြီး လှုပ်ရှားနေတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ သြဂုတ် ၃၀ ရက်နေ့မှာတော့ မကျီးကုန်း၊ နန်းစင်ကုန်း၊ ယောကုန်း၊ ထန်းပင်ချောင်း ကျေးရွာတွေကို ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ လုယက် သယ်ဆောင်ကြတဲ့အပြင် ပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုလရောင်က “သူတို့စစ်ကြောင်း ထန်းပင်ချောင်းရွာကိုရောက်တဲ့ ၃၀ ရက်နေ့ ညမှာပဲ ပြည်သူတွေပိုင်တဲ့ ထန်းပင်ချောင်း ရေနံမှော်ကို မီးရှို့တယ်။ ၃၁ ရက်နေ့၊ မနက် ၁၀ နာရီလောက်မှာတော့ မကျီးကုန်းရွာကို မီးရှို့တာ လူနေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားတယ်။ အဲဒါပြီးတော့ ၁၁ နာရီလောက်မှာ ထန်းပင်ချောင်း ရေနံမှော်ကို ထပ်မံမီးရှို့သေးတယ်ဗျ။ ထန်းပင်ချောင်းရွာကနေ ဖမ်းသွားတဲ့ ပြည်သူတွေကိုတော့ ၃၁ ရက်နေ့ ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်။ တခြားရွာတွေက ဖမ်းသွားသူတွေတော့ ပြန်လွတ်လာတယ် မကြားမိသေးဘူး။ အခုတော့ သူတို့စစ်ကြောင်းထဲက တချို့က ပေါက်မြို့နယ် အနောက်မြောက်ပိုင်းက ထန်းပင်ချောင်း ကာတောင်ဘုရားကုန်းပေါ်မှာ တပ်စွဲနေတယ်” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သြဂုတ် ၃၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ပေါက်မြို့နယ် အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ တင်ငုတ်ပြင်ကျေးရွာ အနီးတ၀ိုက်ကို တံတားဦးလေတပ်ကနေ တက်လာတဲ့ Y12 လေယာဥ်နဲ့ ဗုံးအလုံး ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်ပျက်စီးတာ မရှိခဲ့သလို ကျေးရွာနေ ပြည်သူတွေကတော့ ထွက်ပြေးနေကြရတယ်လို့ သူကဆက်ပြောပါတယ်။
အခုရက်ပိုင်းမှာ ကပစ ၂၄ က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ တပ်ဖြန့်ကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ သတိထား နေထိုင်သွားလာကြဖို့၊ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ စစ်ရေးနဲ့ လေကြောင်းရန် သတိပေးချက်တွေကို အလေးထားလိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့လည်း ပေါက်မြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။