
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ငတရော်ရွာကို စစ်ကောင်စီတပ်က သြဂုတ် ၃၁ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲခဲ့လို့ ပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ တံတားဦးက တက်လာတဲ့ လေယာဥ်နဲ့ ဗုံးတလုံး၊ Rocket ဗုံးတွေ ချခဲ့တာကြောင့် ငတရော်ကျေးရွာ ရွာလယ်ကောင်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖဆီက သိရပါတယ်။
ရေစကြိုမြို့နယ်ပကဖ သတင်းတာဝန်ခံက “ရွာလယ်ကောင်ကို ကျတာ၊ ၃ ယောက်ကတော့ နေရာတင် သေတာ၊ ဆေးရုံပို့နေရင်း ၂ ယောက် ထပ်ဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရတာက ၁၀ ယောက်မှာ ၄ ယောက်က စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၅ ယောက် သေဆုံးခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ရေလယ်ကျွန်းဒေသ ငတရော်ရွာဟာ စစ်ကောင်စီတပ်က ၂၀၂၂ သြဂုတ်လမှာ ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့ရွာလည်း ဖြစ်ပါတယ်။