Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်၊ အောင်ဇေယျစစ်ကြောင်း သေဆုံးသူ များပြား 
DVB
·
September 2, 2025

စစ်ကောင်စီတပ်က ကော့ကရိတ်-မြဝတီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်မှုထမ်း တပ်သားသစ်တွေနဲ့ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲပြင်းထန်ပြီး အောင်ဇေယျစစ်ကြောင်းဘက်က ထိခိုက်သေဆုံးသူ များတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

ဩဂုတ် ၉ ရက်နဲ့ ၁၅ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ) လမ်းပိုင်း၊ တတန်ကူးကျေးရွားအနီးမှာ အောင်ဇေယျစစ်ကြောင်းက စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၇၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၆၀ နီးပါး ရှိခဲ့တဲ့အပြင် စစ်တပ်ဘက်က အထိနာပြီး အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂ ရက် မနက်ပိုင်းကတည်းက ထပ်မံထိုးဖောက်ဖို့ ကြိုးစားနေတာကြောင့် KNU တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲတွေပြင်းထန်ပြီး အောင်ဇေယျစစ်ကြောင်းဘက်က ထိခိုက်သေဆုံးသူ များတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကရင်စစ်ရေးသတင်းရင်းမြစ်တယောက်က “သူတို့ဘက်က ထိခိုက်အကျအဆုံးတော့ တော်တော်များတယ်။ တက်တိုင်း တက်တိုင်း လန်တယ်။ အခုလည်း ဒီနေ့လည်း မနက်ကတည်းက ထိတွေ့တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ မရပ်သေးဘူး။ သူတို့ဘက်က အထိအခိုက် အကျအဆုံး များတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကလည်း  နည်းနည်းပါးပါး အဖိတ်အစင်တော့ ရှိတယ်။ သူတို့ဘက်က ဒရုန်းနဲ့ လက်နက်ကြီးကတော့ တအားသုံးတယ်။ နောက်ပြီး မြေပြင်ကို ထိုးစစ်တွေ ဆင်လာတာရှိတယ်။ အခုအချိန်အထိက တိုက်ပွဲက အရှိန်ကောင်းနေတုန်း” လို့ ပြောပါတယ်။

ဒါ့အပြင်  စစ်တပ်ဘက်က ကျုံဒိုးအခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ နဲ့ စကခ ၁၂ ကနေ ကော့ကရိတ်တောင်ပိုင်းက လောင်းကိုင်၊ ဖာကျ၊ သမိန်ဒွတ်၊ အံဖကြီး၊ အံဖလေး စတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ၊ ကျေးရွာတွေပေါ် စကောက်ဒရုန်းတွေနဲ့ ပျံဝဲပြီး ကင်းထောက်တာတွေ နေ့တိုင်းလိုလို လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အားနည်းချက်တွေ ရှိနေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး နယ်မြေကို  ပြန်ပြီးစိုးမိုးဖို့ မဖြစ်နိုင်ဘူးလို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “ကော့ကရိတ်လမ်းပိုင်း အခြေအနေကတော့ မကောင်းဘူး။ လက်ရှိအခြေအနေတော့။  ဒီနေ့မနက်လည်း ပစ်၊ ညလည်း ပစ်နေတယ်။ တိုက်ပွဲတွေဖြစ်နေတယ်။ နေ့စဉ်ရက်ဆက် နေပူရင်လည်းဖြစ်တယ်၊ မိုးရွာရင်လည်း ဖြစ်တယ်၊ အချိန်မရွေး ဖြစ်နေတယ်။ စစ်သားသစ်တွေဖြစ်တဲ့အတွက် ဘယ်လိုမှ စကစရဲ့တိုက်ပွဲက အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ဒီ မြဝတီမပြောနဲ့ ခဏနေ မကြာတော့တဲ့ ကာလမှာပဲ စကစ ကနေပြီးတော့ အလူးအလဲ ခံရတော့မယ့် ပုံစံတွေကို မြင်တွေ့နေရတယ်။ အားနည်းချက်တွေ ရှိနေတဲ့ပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးနယ်မြေကို သူတို့ ပြန်ပြီး စိုးမိုးဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

ကော့ကရိတ်-မြဝတီ(အာရှ) လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အောင်ဇေယျ စစ်ကြောင်းကနေ တပ်မ ၅၅ လက်အောက်ခံ စစ်မှုထမ်းတပ်သားသစ်တွေဟာ လက်ရှိ တိုက်ပွဲတွေကနေ စွန့်ခွာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စစ်ကြောင်းရှိရာကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်တာတွေ ရှိပါတယ်။

ဒါ့အပြင် ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို စစ်ကူရောက်ရှိလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးသွားခဲ့တာကြောင့် စစ်တပ်က ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024