
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စက်တင်ဘာ ၁ ရက်ကစလို့ စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ညောင်ဦးအနောက်ခြမ်းက ကျောက်ပြင်ကန်ရွာတို့၊ မြောင်ရွာတို့ဘက်ကို စစ်ကြောင်းထိုးနေတာ အင်အားကတော့ ၁၀၀ လောက်ပါတယ်။ ရွာတွေထဲက လူငယ်တွေကို ဖမ်းတယ်။ ပစ္စည်းတွေခိုးတယ်။ အိမ်တွေကိုလည်း မီးရှို့နေကြတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၁ ရက်က စတင်စစ်ကြောင်းထိုးလာပြီး ရွာသာညောင်လှကျေးရွာကို ဝင်ရောက်ကာ ရွာခံလူငယ် ၂၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားကြသေးတယ်လို့ ဆိုပါတယ်။
ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇီး က “အဲဒီရွာတွေဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကြောင်းထိုးတာ။ ကျနော့်အထင်တော့ ပြီးခဲ့တဲ့ရက်ပိုင်းက ညောင်ဦးမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ခဲ့လို့ စစ်ကြောင်းထိုးတာလို့ ယူဆရတယ်။ မီးလောင်ပျက်စီးတဲ့ အခြေအနေကတော့ စစ်ကြောင်းရှိနေသေးလို့ အတိအကျ အတည်ပြုလို့ မရသေးဘူး။ ထွက်ပြေးနေကြရတဲ့ ပြည်သူကတော့ ၁၀၀၀ ဝန်းကျင်ရှိတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ကျောက်ပြင်ကန်ကျေးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေကို မကြာခဏ ပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့၊ ညနေပိုင်းကလည်း ကျောက်ပြင်ကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားလို့ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ယောက်နဲ့ အသက် ၂၃ နှစ်အရွယ် PDF ရဲဘော် ၁ ယောက်တို့ သေဆုံးခဲ့ရသေးတယ်လို့ ညောင်ဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။