
ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ နောင်တခီးကျေးရွာ စာသင်ကျောင်းနဲ့ မြဝတီမြို့နယ်မှာရှိတဲ့ ကျောက်ခက် စံပြကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က မောင်းသူမဲ့ ကာမီကာဇေဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားကလေးငယ်တွေနဲ့ ဆရာ ဆရာမတချို့ ဒဏ်ရာရသွားသလို စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ဖလူးတိုက်နယ်၊ ကျောက်ခက်စံပြကျေးရွာကို စက်တင်ဘာ ၄ ရက် ဒီကနေ့မနက်မှာ စစ်တပ်က မောင်းသူမဲ့ ကာမီကာဇေဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၈ နာရီ ၃၀ မိနစ်မှာ တကြိမ်၊ ၈ နာရီ ၅၀ မိနစ်မှာ တကြိမ်၊ ၂ ကြိမ်တိတိ ကာမီကာဇယ် ဒရုန်းနဲ့ ဗုံးလာကြဲချတာဖြစ်ပြီး စာသင်ကျောင်းအနီးက ဆေးရုံဟောင်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးတချို့ ဒဏ်ရာရသွားပါတယ်။
ကျောက်ခက် ဒေသခံတယောက်က “ဒီမနက် လာကြဲတာ ၂ ကြိမ်၊ တကြိမ်နဲ့ တကြိမ် မိနစ်အနည်းငယ်ပဲ ကွာတယ်။ စာသင်ကျောင်းက ကလေးတချို့ ထိခိုက်ဒဏ်ရာတွေ ရတယ်လို့ ကြားတယ်။ စာသင်ကျောင်းနဲ့ နေတဲ့နေရာ နည်းနည်းဝေးတော့ ထိခိုက်မှုအခြေအနေ အတိအကျတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
ဗုံးကြဲချိန်ဟာ မနက်အစောပိုင်းဖြစ်လို့ ကျောင်းသားလေးတွေ ကျောင်းမသွားရသေးတဲ့အတွက် ထိခိုက်မှု နည်းတာလို့လည်း ဒေသခံက ပြောပါတယ်။
လက်ရှိအခြေနေမှာ စစ်ကောင်စီတပ်တွေဘက်က ကာမီကာဇယ် ဒရုန်းကို ပိုမိုအသုံးပြု တိုက်ခိုက် လာနေတာ ဖြစ်ပြီး လက်ရှိ ဗုံးကြဲတဲ့ နေရာက ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၃ ရက်ကလည်း ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်မှာရှိတဲ့ နောင်တခီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ကျောင်းဆရာတယောက်၊ ဆရာမ တယောက်နဲ့ ကလေးငယ်တယောက် ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး ကျောင်းရုံးခန်းလည်း ပျက်စီးသွားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နောင်တခီးအခြေခံပညာအလယ်တန်းကျောင်းကို ကလေးသူငယ်တွေကျောင်းတက်နေတဲ့ အချိန်မှာ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာ ၂ ရက်ကလည်း ဒေါနတောင်သွားတဲ့ လမ်းဟောင်းဘက်မှာ တော်လှန်ရေးအင်အားစု တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်း ဗုံးကြဲတာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ် ၃၁ ရက် မနက်ကလည်း ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။