
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်က ၃၆၀၁ တပ်ရင်းက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းဆီကနေ သိရပါတယ်။
ပေါင်းတည်မြို့ပေါ်ကထွက်လာတဲ့ အင်အား ၉၂ ယောက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို စက်တင်ဘာ ၃ ရက် မနက် ၉ နာရီခွဲကျော်က ညောင်နီပင်အုပ်စု၊ ကျောက်ကြီးတောင်နဲ့ ညောင်နီပင်ရွာကြားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး၊ ၅ ယောက်ဒဏ်ရာရရှိခဲ့ပြီး ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို စစ်တပ်က ကျောက်ကြီးတောင် စစ်တပ်ဂိတ်စခန်းဆီကို သယ်ဆောင်ပြီး ကျောက်ကြီးတောင်ကတဆင့် ရွှေတောင်မြို့က ခုတင် ၁၀၀ စစ်ဆေးရုံဆီကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က “သေဆုံးဒဏ်ရာရတာကိုတော့ တိုက်ပွဲအတွင်းမျက်မြင်နဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ အတည်ပြုလို့ရပါတယ်။ စစ်ကြောင်းကတော့ အဲဒီနေ့ညဘက်မှာပဲ ပေါင်းတည်ဘက်ကို ပြန်ဆင်းသွားပါတယ်၊ အဲဒီနားက ရွာသားတွေကတော့ အရင်ကတည်းက စစ်ဘေးရှောင်တွေဆိုတော့ အခုလည်း ရှောင်မြဲပေါ့” လို့ ပြောပါတယ်။
စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့အနီးက ကျောက်ကြီးတောင်နဲ့ ညောင်နီပင်ရွာတို့ဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာ ၆ လဝန်းကျင်ရှိပြီလို့ သိရပါတယ်။