ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းနဲ့ သင်္ဃန်းညီနောင်ကို စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီက နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ကို စစ်မှုထမ်းတပ်သားသစ်တွေ အင်အားဖြည့်တင်းပြီး အာရှလမ်း၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းနဲ့ သင်္ဃန်းညီနောင်ဘက်ကနေ ထိုးဖောက်ဝင်ရောက်လာတာပါ။
စစ်ကောင်စီတပ်ဘက်က သာလွန်အင်အားအပြင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူရယူပြီး ထိုးဖောက်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းဘက်က ယာယီဆုတ်ပေးခဲ့ရပါတယ်။
ဒေသခံတယောက်က “ထိန်းချုပ်ထားပြီလို့ ပြောတယ်။ ၃၅၅ ၃၅၆ ဗျူဟာတို့ကို ရောက်ပြီလို့ ကြားတယ်။ ဒါပေမဲ့ လက်နက်ကြီးသံတွေတော့ ကြားနေရတယ်။ ညကလည်း ကြားရတယ်။ ဒေသခံတွေ ပြန်တဲ့သူတွေ မရှိသေးဘူး။ မပြန်ရဲသေးဘူး။ လောလောဆယ်အခြေအနေက ဘာမှမသိတဲ့အပေါ်မှာ စစ်ရှောင်တွေက ရှိသေးတယ်” လို့ ပြောပါတယ်။
မြဝတီမြို့နယ်၊ နို့ဖိုးရွာနဲ့ ထီးမူထရွာဘက်ကို ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ KNLA ပူးပေါင်းစစ်ကြောင်းဘက်က ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် ပိတ်မိနေပါတယ်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက်က “ကျနော်တို့ဘက်က နို့ဖိုးရွာနဲ့ ထီးမူထရွာဘက်မှာ ပိတ်ဆို့ထားတာတွေ ရှိတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကရင်လက်နက်ကိုင်တွေဖြစ်တဲ့ နယ်ခြားစောင့်တပ်(BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တို့က ထောက်ခံတယ်လို့ ပြောဆိုထားပါတယ်။