
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို စက်တင်ဘာ ၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် အရပ်သား ပြည်သူ ၁ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အမည်ဖော်လိုတဲ့ နတ်မောက်ဒေသခံတယောက်က “နတ်မောက်ရဲ့ အရှေ့မြောက်ဘက်လောက်မှာရှိတဲ့ ရုံးပင်ကွက်ရွာနားကို ဗုံးကြဲသွားလို့ အမျိုးသား ၁ ယောက် သေဆုံးပြီးတော့ သူ့သမီးလေးက ဒဏ်ရာရရှိသွားပါတယ်" လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူဟာ အသက် ၄၀ ဝန်းကျင် ကိုဇော်ထွန်း ဆိုသူဖြစ်ပြီး အသက် ၁၆ နှစ်ဝန်းကျင် သမီးဖြစ်သူကတော့ လက်တဖက်ပြတ်သွားတာကြောင့် ဆေးကုသမှုခံယူနေရပြီး သူတို့နေထိုင်တဲ့ တဲတိုက်အဆောက်အအုံလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုငပိ က “အခု ဗုံးကြဲခံရတဲ့နေရာက ရုံးပင်ကွက်ရွာရဲ့ တောင်ဘက်နားမှာရှိတဲ့ တဲတိုက်ထဲကို ဗုံး ၂ လုံး ကြဲသွားတယ်လို့ သိရတယ်။ အဲဒီ ပါရာမော်တာက တောင်ငူလေတပ်ကလား၊ ရှမ်းတဲကလား၊ မကွေးလေတပ်ကလား ဆိုတာတော့ သေချာမသိရသေးဘူးဗျ။ အဲဒီနေရာမှာ တော်လှန်ရေးတပ်စခန်းရှိတယ်ထင်လို့ ကြဲသွားတယ်လို့ပဲ ယူဆတယ်။ တိုက်ပွဲဖြစ်နေတာလည်း မရှိဘူးလေ” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နတ်မောက်မြို့နယ်ထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ အခု စက်တင်ဘာလဆန်းပိုင်းတွေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာ ၆ ကြိမ်ထက်မနည်းရှိနေပြီး ပြည်သူတချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆောင်ရွက်လာနေလို့ ပြည်သူတွေအနေနဲ့လည်း သတိနဲ့သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့ နတ်မောက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။