
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စက်တင်ဘာ ၂ ရက်နဲ့ ၄ ရက်နေ့တွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၁၁ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။
တိုက်ပွဲတွေအတွင်း ပါဝင်ခဲ့တဲ့ သရက်ခရိုင် အမှတ် ၃ တပ်ရင်း (ငါးပြေမတပ်ရင်း) ရဲ့ တပ်ဖွဲ့ဝင်တယောက်က “၂ ကြိမ်လုံးက နတ်မောက်နယ်ထဲမှာ ဖြစ်ခဲ့တာပါ။ ပထမရက်က ပေါ်တာဆွဲနေတဲ့ စစ်သားတွေကို ဝင်ပစ်ခဲ့တာ။ နောက်ရက်ကတော့ တက်ဝန်ရွာမှာနေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ကို ဝင်ပစ်ခဲ့တာပါ” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၂ ရက်မှာ နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးမှာ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်သားတွေကို ဝင်ရောက်ပစ်ခတ်ခဲ့သလို စက်တင်ဘာ ၄ ရက်မှာလည်း နတ်မောက်မြို့နယ်၊ တက်ဝန်ကျေးရွာမှာ ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ စုဝေးနေတဲ့နေရာကို ဝင်ရောက် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သရက်ခရိုင် အမှတ် ၃ တပ်ရင်း (ငါးပြေမတပ်ရင်း) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုငပိက “နတ်မောက်မြို့နယ်ထဲက တက်ဝန်ကျေးရွာက ပျူစောထီးခေါင်းဆောင် ဘိုထွန်းနဲ့အဖွဲ့ စုဝေးနေတဲ့ နေရာကို ၄ ရက်နေ့ မနက် ၅ နာရီလောက် ဝင်ပစ်ခတ်ခဲ့ကြတာမှာ အပြန်အလှန်ပစ်ခတ်မှုက မိနစ် ၄၀ လောက် ကြာခဲ့တယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန် အဲဒီ ဘိုထွန်းရဲ့သေနတ်က ကျည်ဆန် ဂျမ်းဖြစ်သွားပြီး ပစ်မရတော့တာကို သေနတ်ကြီးကိုင်လာပြီးတော့ ကျနော်တို့ကို သေနတ်နဲ့ ရိုက်မလို့တဲ့ ထွက်လာတာဗျ။ အဲဒီတော့ ကျနော်တို့ဘက်က ပစ်လိုက်လို့ သူအပါအဝင် ၅ ယောက် သေတယ်။ ကျန်တဲ့ကောင်တွေလည်း ဒဏ်ရာတွေကိုယ်စီနဲ့ ထွက်ပြေးသွားကြတာရှိတယ်။ တိုက်ပွဲထဲမှာ သူတို့သုံးတဲ့ ကားတစီးလည်း ပျက်စီးတယ်။ သူတို့ဆီကနေ ပွိုင့် ၂၂ လက်လုပ်ပစ္စတိုသေနတ်တလတ်၊ M1 ကာဘိုင်သေနတ် ၅ လက်၊ ကာဘိုင်ကျည် ၉၅ တောင့်၊ ပြောင်းချောသေနတ် ၂ လက်၊ ပြောင်းချောကျည်အတောင့် ၃၀၊ လက်ပစ်ဗုံး ၂ လုံး၊ ပိုက်ဆံတသိန်း၊ ဖုန်း ၄ လုံးနဲ့ စစ်မှုထမ်းစာအုပ်တအုပ်တို့ သိမ်းလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြေပြန့်ကျားတပ်ခွဲကနေ ဦးဆောင်ပြီး ရေနံချောင်း ပကဖ၊ မင်းဘူးခရိုင်စစ်ဌာန ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Chauk Revolutionary Army (CRA) နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက် မနက် ၈ နာရီဝန်းကျင်ကလည်း သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲနဲ့အတူ ရေနံချောင်းပကဖ၊ နတ်မောက်ပကဖ၊ မင်းဘူးခရိုင်ပကဖ၊ Chauk Revolution Army (CRA) နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်သားတွေကို နတ်မောက်မြို့အနီးက ဟိန်း စက်သုံးဆီအရောင်းဆိုင်အနီးမှာ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း နှစ်ဖက်ပစ်ခတ်မှု ၁၅ မိနစ်ဝန်းကျင် ဖြစ်ခဲ့ကာ စစ်သား ၆ ယောက် သေဆုံးခဲ့သလို စစ်သား ၂ ယောက်ကတော့ ဒဏ်ရာရပြီး ထွက်ပြေးသွားကြကာ သူတို့စီးနင်းလာတဲ့ ကား ၂ စီးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ဘက်ကတော့ သတင်းတစုံတရာ ထုတ်လာတာ မတွေ့ရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းနဲ့ သြဂုတ်လထဲကလည်း နတ်မောက်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတွေ သေဆုံး ဒဏ်ရာရခဲ့ကြတာတွေ ရှိခဲ့သလို မြေပြင်စစ်ကြောင်း ထိုးတာတွေ ရှိနေတယ်လို့လည်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။