
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်က နိုဗယ်ဆိုင်ကယ်ဝပ်ရှော့ကို ဩဂုတ် ၃၁ ရက် မနေ့ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် ကိုနန့်စိုးနဲ့ ကလေး ၂ ယောက် အပါအဝင် ဘေးအိမ်က တယောက်တို့ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တံခါးတွေကို ခြေထောက်တွေနဲ့ ကန်ဖွင့်ပြီးတော့ လာခေါ်သွားတာ။ သူတို့က ဘာမှမလုပ်ပါဘူး၊ ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်ပြီး လုပ်စားနေတာပါ။ အလုပ်သမားလေးတွေလည်း အိပ်ပျော်နေတာကို ခေါ်သွားတာ။ ရိုက်သွားသေးလို့ အိမ်ရှေ့မှာ သွေးတွေတောင် ကျန်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီဆိုင်ကယ်ပြင်ဆိုင်နေရာဟာ မြို့မရပ်ကွက်ထဲက အရင် ပန်ရွန်း ကချင်စားသောက်ဆိုင်နေရာ ဖြစ်ပြီး ရှင်ကြီးကုန်းအောက်က ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းခံရသူတွေဟာ အခုချိန်ထိ ပြန်လွတ်လာတာ မရှိသေးသလို ဖားကန့်ဗျူဟာကုန်းထဲမှာ ဖမ်းဆီးထားတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ စစ်ရေးတင်းမာနေတဲ့ ဖားကန့်မှာ ဒီနေ့မနက်ပိုင်းကလည်း လုံးခင်းနှစ်မျက်နှာဘုရားဝန်းထဲကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပြီး လူ ထိခိုက်မှု ရှိ မရှိကိုတော့ အသေးစိတ် မသိရသေးပါဘူး။