Home
မြန်မာသတင်း
တောင်ငူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး
DVB
·
September 1, 2025

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်လို့ စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးတယ်လို့ ဝရဇိန်တပ်ဖွဲ့က သြဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၇ ရက်က ပဒဲကျေးရွာ မြောက်ပိုင်း ရွာဦးကျောင်းအနီးကို စစ်ကောင်စီတပ် အင်အား ၁၅၀ ပါတဲ့ စစ်ကြောင်း ၃ ကြောင်းက စစ်ကြောင်းထိုးဝင်လာလို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၅ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။

သြဂုတ် ၃၁ ရက် နေ့လယ်ပိုင်းမှာလည်း စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထပ်ထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ၁ နာရီဝန်းကျင် ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိပြီး စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ဝရဇိန်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ပဒဲကျေးရွာမှာ စကမ အထိုင်စခန်းရှိတာပါ။ ပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၇ ရက်က ထိတွေ့မှုတကြိမ် ဖြစ်ခဲ့ပြီး ရန်သူ ၅ ယောက် သေဆုံးခဲ့ပါတယ်။ ဒီနေ့ သြဂုတ် ၃၁ ရက် ဖြစ်စဥ်က အဲဒီ နောက်ဆက်တွဲပါ” လို့ ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ဝရဇိန်တပ်ဖွဲ့၊ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး၊ ဖိုက်ဆာဆားခဲတပ်ဖွဲ့၊ ပုဝါနီစစ်ကြောင်းနဲ့ သမန်းကျားတပ်ဖွဲ့တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်မှာ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲကို တော်လှန်ရေးအင်အားစုတွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံး ပစ်သွင်းနိုင်ခဲ့တယ်လို့ Brave Warriors For Myanmar - BWM က သတင်းထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013