
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာလမ်းပိုင်းရှိ ခမရ ၅၉၁ တပ်ရင်းအနီးမှာ သြဂုတ် ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရေးဘီလူးအဖွဲ့တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
ရေးမြို့နယ်၊ ကျောင်းရွာလမ်းပိုင်း တနေရာမှာ မနေ့ ဩဂုတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ရေးဘီလူးအဖွဲ့က ခရီးသွားတွေကို လုံခြုံရေးစစ်ဆေးမှု ပြုလုပ်နေချိန် ခမရ ၅၉၁ တပ်ရင်းက လက်နက်ကြီးနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ရေးဘီလူးအဖွဲ့က DVB ကို ပြောပါတယ်။
“အဓိက စကစ ပုံမှားရိုက်ပြီး ဝင်လာတာကို စစ်တာပါ။ ဒီကောင်တွေ ကျေးရွာတွေဘက်ကို အပြင်ဝတ်နဲ့ လာထောက်လှမ်းတာတွေ ရှိတယ်။ စစ်ဆေးတဲ့နေရာမှာလည်း ဖြတ်သန်းသွားလာတဲ့ ပြည်သူကို မေးမြန်းစစ်ဆေးရုံပါ။ ဖမ်းမထားဘူး၊ တားမထားဘူး။ ဒီကောင်တွေအနေနဲ့က ဘယ်နားမှာစစ်နေလဲ၊ ဘယ်နားရောက်နေလဲ ဆိုတာ ပြည်သူကို ခြောက်မေးပြီး လက်နက်ကြီးနဲ့ ဆော်တာ။”
စစ်ကောင်စီတပ် ခမရ ၅၉၁ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးနောက် ရေးဘီလူးအဖွဲ့ စစ်ဆေးနေတဲ့နေရာထိ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၂၀ ခန့် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပြီး ရန်သူ့ဘက်က ၅ ယောက် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ဆီက သိရပါတယ်။