
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးပြီး အရပ်သား ၂ ယောက်ကို ပစ်သတ်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။
ချပ်သင်းအထိုင်စခန်းကနေ ပုဏ္ဏားကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ဟာ ဩဂုတ် ၃၁ ရက်က ဦးကင်းကြည်ရွာနဲ့ နှောကုန်းရွာကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ပြီး ပုဏ္ဏားကြီးရွာက စစ်ဘေးရှောင်နေတဲ့ အသက် ၄၅ နှစ်အရွယ် ကိုဇော်မျိုးလှိုင်နဲ့ အသက် ၄၄ နှစ်အရွယ် မမာမာသင်းတို့ လင်မယား ၂ ယောက်ကို ပစ်သတ်သွားပြီး စစ်ရှောင်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတယောက်က “စစ်ရှောင်စခန်း သီးသန့်မဟုတ်ဘူးဗျ။ ကိုးတောင်ဘို့တိုက်နယ်က ရွာတွေက ရွာနားရှိတဲ့ ကိုယ့်လယ်တော ယာတောတွေမှာပဲ တဲဆောက်နေကြတာပါဗျ။ အဲဒီမှာပဲ တောင်သူလုပ်ကြတာပါ။ အဲဒီ စစ်ကြောင်းက ချပ်သင်းဝင်သွားပါပြီဗျ။ တောင်ဘက်ခြမ်းကတော့ ကျီကျင်းနဲ့ ရေကြည်ဦးမှာ စစ်ကြောင်းရှိနေတုန်းပါ” လို့ DVB ကို ပြောပါတယ်။
အရပ်သား ၂ ယောက်ကို ပစ်သတ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ဟာ ပုဏ္ဏားကြီးရွာအရှေ့ဘက်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးသူ ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ချပ်သင်းအထိုင်က ထွက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေ အင်အား ၁၀၀ လောက် ရှိတယ်။ ၃ ဖွဲ့လောက် ခွဲထွက်ခဲ့တာ။ ဒရုန်းနဲ့ ဦးကင်းကြည်နဲ့ နှောကုန်းရွာတွေဘက် ဗုံးသီး ၄ လုံးချလို့ ပြေးရတာ။ စစချင်း စစ်ရှောင်တဲဘက်ဝင်တာ၊ တဲတွေကို ဝိုင်းပစ်တာဆိုတော့ တဲနားရှိနေတဲ့ ကိုဇော်မျိုးလှိုင်တို့ လင်မယားနှစ်ယောက်လုံး ပစ်သတ်ခံရတာ။ ပစ်သတ်ပြီး ပါးစပ်တွေ၊ ခေါင်းတွေ ဓားနဲ့ဖြဲထားတာ ရက်ရက်စက်စက်ပါ။ ကြောက်စရာကောင်းမှကောင်း၊ လူစိတ် တကယ်မရှိတဲ့သူတွေ။ စစ်ရှောင်ပြည်သူမှန်း သိသားနဲ့ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာ၊ ပြီးတော့ တဲတွေ မီးရှို့ခဲ့တာ” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ရှေ့ဆက်မတိုးလာတော့ဘဲ ချပ်သင်းအထိုင်စခန်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။