မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ပေခုနစ်ပင်ရွာနဲ့ ရေယာဉ်ရွာကို ဩဂုတ် ၂၀ ရက်နဲ့ ၂၅ ရက်မှာ စစ်တပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါကျေးရွာတွေ အပါအဝင် အနီးအနားက ကျေးရွာတွေက ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ပေခုနစ်ပင်ရွာကိုတော့ မနေ့က ဩဂုတ် ၂၅ ရက် မနက်ခင်း ၉ နာရီအချိန်ကစတင်ပြီး မီးရှို့တာဗျ။ နေအိမ် ပျက်စီးဆုံးရှုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူးဗျ။ ဘာလို့ဆိုတော့ စစ်တပ်တွေ ရွာထဲမှာ ရှိနေသေးတာကြောင့်ပါ။ သူတို့ ကျနော်တို့ ဒီပေခုနစ်ပင်ရွာတင်မကဘူး၊ ဩဂုတ်လ ၂၀ ရက် မနက်ခင်းပိုင်းကလည်း ရေယာဥ်ရွာကို မီးရှို့ ဖျက်ဆီးသွားသေးတယ်ဗျ။ အဲဒီရွာကတော့ လူနေအိမ် ၃၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ ပေခုနစ်ပင်ရွာဟာ အိမ်ခြေ ၁၀၀ ရှိသလို ရေယာဉ်ရွာကလည်း အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
ပေါက်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုလရောင်က “စစ်တပ်က ကျေးရွာတွေကို မီးရှို့နေတာ ဟုတ်ပါတယ်ဗျ။ ရွာတွေကို သူတို့ မီးရှို့နေလို့ ဒေသခံရွာသူ ရွာသားတွေလည်း နေရပ်စွန့်ခွာနေကြရတယ်ဗျ။ ပြည်သူတွေက စစ်တပ် ဆိုရင် ယုံကြည်မှုကို မရှိကြတော့တာပါ။ ဩဂုတ် ၁၉ ရက်ကလည်း ရေယာဉ်ရွာက ပြည်သူ ၃ ယောက်ကိုလည်း စစ်တပ်က ဖမ်းသေးတယ်ဗျ။ အဲဒီ ၃ ယောက်ထဲက ၂ ယောက်ကတော့ စစ်တပ် ဖမ်းဆီးတာကနေ ထွက်ပြေး လွတ်မြောက်လာခဲ့တယ်။ ကျန်တယောက်ကတော့ ဒီနေ့အထိ လွတ်မလာသေးဘူး”လို့ ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြာင်းကတော့ ဒီးဒုတ်ကွင်းပျူရွာနဲ့ ယာကြီးပြင်ပျူရွာအနီးတ၀ိုက်မှာ တပ်ဖြန့်ပြီး သွားလာလှုပ်ရှားနေသေးတဲ့အပြင် စစ်ကြောင်းဖြတ်သန်းရာအနားက ပြည်သူတွေ နေထိုင်ကြတဲ့ တောတဲတွေကိုလည်း ဝင်ရောက် ရှာဖွေတယ်လို့ သိရပါတယ်။