Home
နိုင်ငံတကာ
မဲလ်ဘုန်းမြို့ ဂျူးဘုရားကျောင်း မီးရှို့တိုက်ခိုက်ခံရမှုရုပ်သံ ဩစတြေးလျရဲ ထုတ်ပြန်
DVB
·
August 28, 2025
Photo: AUSTRALIAN FEDERAL POLICE / VICTORIA POLICE

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရဟူဒီဘုရားကျောင်းကို ကျူးလွန်သူတွေက မီးရှို့ခဲ့တဲ့ အခိုက်အတန့်ကို လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံကို ဩစတြေးလျ ရဲတပ်ဖွဲ့က သြဂုတ် ၂၇ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ အီရန်က ကြိုးကိုင်ထားတဲ့ မီးရှို့တိုက်ခိုက်မှုဖြစ်တယ်လို့ သြစတြေးလျက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ မီးရှို့ခံရတဲ့နေရာကနေ မထွက်ခွာမီ ဘုရားကျောင်း ဝင်ပေါက်နားက ကားတစီးရဲ့  နောက်ဖုံးထဲကနေ အနီရောင်ဂျယ်ရီဘူးတွေကို ချနေရင်း ပုဆိန်ကိုင်ထားတဲ့လူတယောက် အပါအဝင် ခေါင်းစွပ် စွပ်ထားတဲ့ လူ ၃ ယောက်ကို တွေ့ရပါတယ်။

ဘုရားကျောင်းကို မီးတင်ရှို့ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ခေါင်းစွပ်ဝတ် ရာဇ၀တ်သားတွေရဲ့ ရန်ပုံငွေကို ဩစတြေးလျ ထောက်လှမ်းရေးအေဂျင်စီက ခြေရာခံခဲ့ပါတယ်။

ရာဇဝတ်မှုနဲ့ တရားစွဲခံရတဲ့သူတွေ ကိုယ်တိုင်က သူတို့ကို ကြိုးဆွဲနေသူဟာ အီရန်အစိုးရဆိုတာ သိပုံမရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၂၀ အရွယ် ဒေသခံအမျိုးသား ယွန်းနက်စ် အလီ ယွန်းနက်စ်ဟာ ဒီဇင်ဘာ ၆ ရက်က အာဒက်စ် အစ္စရေးဘုရားကျောင်းကို မီးရှို့မှု၊ ကားခိုးမှုတို့နဲ့ တရားစွဲဆိုခံထားရပြီး မဲလ်ဘုန်းမြို့ တရားရုံးမှာ ဗုဒ္ဓဟူးနေ့က ရုံးထုတ်ခံခဲ့ရပါတယ်။

သူက အသနားခံစာ မတင်သလို အာမခံလည်း ရဖို့ မကြိုးစားခဲ့ပါဘူး။ သူ့ရှေ့နေက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ မနှစ်က ဆစ်ဒနီမြို့က အလားတူ တိုက်ခိုက်မှုကို အီရန်အစိုးရက ညွှန်ကြားခဲ့တာလို့ သြစတြေးလျ ထောက်လှမ်းရေးအေဂျင်စီတွေက ပြသခဲ့တဲ့အကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီက အစောပိုင်းမှာ ပြောခဲ့ပြီး အီရန်သံအမတ်ကိုလည်း နှင်ထုတ်ခဲ့ပါတယ်။

ဩစတြေးလျ အစိုးရရဲ့ စွပ်စွဲချက်ကို လုံးဝ ပယ်ချတယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013