ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကယန်းပိုင်းကျေးရွာထဲကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေ ဝင်ရောက်ပြီး ဒေသခံပအိုဝ်းလူမျိုးတွေရဲ့ အိမ်တွေကို PNO တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က သြဂုတ် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်အဖွဲ့က နေအိမ်တွေကို မီးရှို့နေတဲ့ မှတ်တမ်းဗွီဒီယိုကို PNLO ကင်းထောက်ဒရုန်းတပ်ဖွဲ့က သက်သေရယူထားတယ်လို့ သိရပါတယ်။
PNLO ပြန်ကြားရေး တာဝန်ရှိသူက “PNO မီးရှို့လိုက်တဲ့အိမ်တွေက တိတိကျကျ စာရင်းတော့မရသေးဘူး။ ဒါပေမဲ့ မှတ်တမ်းယူထားမှုအရ အိမ်ခြေက နောင်ထောဝ်ဒေသမှာကို အိမ်ခြေ ၁၀၀ ကျော်နေပြီပေါ့နော်” လို့ ပြောပါတယ်။
သြဂုတ် ၆ ရက်နေ့မှာ နောင်ထောဝ်ကျေးရွာနဲ့ ကောင်ထိုကျေးရွာထဲကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတဲ့အတွက် တပတ်ကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အင်အားမမျှတာကြောင့် လက်လွှတ်လိုက်ရတယ်လို့ သိရပါတယ်။
PNLO က ကျေးရွာတွေကို လက်လွှတ်လိုက်ရချိန်ကစပြီး PNO ပြည်သူ့စစ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ဆက်တိုက်ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
PNLO ပြန်ကြားရေး တာဝန်ရှိသူက “တော်တော်ကြီးကို အောက်တန်းကျတဲ့ ယုတ်မာတဲ့ လုပ်ရပ်လို့ ပြောရမှာပေါ့ဗျာ။ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ကျေးရွာတွေကို၊ ပြည်သူလူထုတွေကို ရန်သူလို့ သတ်မှတ်ပြီးတော့မှ တိုက်ခိုက်ဖျက်ဆီးနေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ် ဖြစ်တယ်ပေါ့နော်” လို့ ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်နေချိန်အတွင်း စလောင်းထောင်ကျေးရွာဒေသခံ အမျိုးသားတယောက်ကိုလည်း PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့ပြီး စစ်ကြောင်းကြောင့် ကျေးရွာ ၂ ခုက ဒေသခံပြည်သူ အယောက် ၂,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။