
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ခုရက်ပိုင်းအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတာကြောင့် ဖားကန့်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲမရှိတဲ့ ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖားကန့်မြို့နယ်ထဲ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် စစ်ကြောင်းတွေခွဲပြီး ဖားကန့်မြို့နယ်ထဲ စစ်ရေးလှုပ်ရှားနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ တောက်လျှောက် ဖြစ်နေခဲ့တာပါ။
ဖားကန့်မြို့နယ်ထဲ စစ်တပ် ပြန်လည်ဝင်ရောက်လာကတည်းက စစ်ရေးတင်းမာနေသလို ဖားကန့်တပ်မကုန်း၊ မရှီကထောင် တရုတ်ဘုံကျောင်းထိပ်နဲ့ အေးမြသာယာ ရှင်ကြီးကုန်းနဲ့ လက်နက်ကြီးကုန်းတို့ကနေလည်း လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။
ဖားကန့်မြို့မြောက်ဘက်ခြမ်းက ဆွတ်ဘွမ်ခေါ် အမှိုက်ပုံကျေးရွာ တဝိုက်မှာလည်း နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေပါတယ်။
ဖားကန့်မြို့ခံက “အမှိုက်ပုံ၊ သင်္ချိုင်းပတ်လည်မှာ မနေ့က တနေကုန် တိုက်ပွဲပြင်းထန်နေတာ။ မနေ့က စစ်တပ်က ဒရုန်းနဲ့ပစ်လို့ အမှိုက်ပုံမှာ ပြည်သူ ၂ ယောက် သေတယ်။ ကုမ္ပဏီအစောင့်တယောက်ရယ်၊ နောက်ထပ်ပြည်သူတယောက်ရယ် ထိပြီး သေတယ်။ စစ်တပ်က ဖားကန့်တပ်မကုန်း၊ မရှီကထောင် တရုတ်ဘုံကျောင်းထိပ်၊ အေးမြသာယာ ရှင်ကြီးကုန်းတို့ကနေ လက်နက်ကြီး ဒရုန်းတို့နဲ့ ပြည်သူလူထုနေထိုင်တဲ့နေရာတွေကို တညလုံးပစ်နေတာ။ မနေ့က ည ၇ နာရီခွဲလောက်ကလည်း ဖားကန့် မြို့မ မဏိဇေယျုံဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပေါ် ကျရောက်ပေါက်ကွဲပြီး ကိုရင် ၂ ပါး ထိခိုက် ဒဏ်ရာရတယ်။ စစ်တပ်က ဆွတ်အိန်ယန်ရွာဘက်ကိုလည်း လက်နက်ကြီးပစ်တယ်။ မနေ့ည ညသန်းခေါင် ၁၂ ခွဲလောက်ကလည်း ဆိုင်းတောင် ဘဇံချောက်ဘက်ကို လက်နက်ကြီး တောက်လျှောက်ပစ်လို့ ပြည်သူတယောက်ထိတယ်။ မနေ့က တရက်တည်းမှာပဲ လက်နက်ကြီးထိလို့ ဒဏ်ရာရတဲ့သူ ၇ ယောက် ရှိတာပေါ့” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်ထဲ KIA ပူးပေါင်းတပ်တွေနဲ့ စစ်တပ်အကြား စစ်ရေးတင်းမာနေတဲ့အပြင် တိုက်ပွဲတွေလည်း ခပ်စိပ်စိပ်ဖြစ်လာတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်တွန်းထားပါတယ်။
ဩဂုတ် ၂၅ ရက်ကလည်း မှော်စီဆာကျေးရွာက ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်တပ်ရဲ့ ပူးပေါင်းစစ်ကြောင်းဟာ ဖားကန့်မြို့ထဲ စစ်ကြောင်းပတ်ထိုးခဲ့ပြီး ရမ်းသန်းပစ်ခတ်လို့ အရပ်သားပြည်သူ ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒေသခံတယောက်က “မှော်စီဆာဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကနေ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းထွက်လာပြီး ဖားကန့်ဘက်ကို စစ်ကြောင်းထိုးတာ။ တလမ်းလုံး ဟိုပစ်ဒီပစ်နဲ့ ပြည်သူတွေကိုလည်း ပစ်တယ်။ ဖားကန့်မြို့အဝင် ပန်းတင်တံတားပေါ်မှာ ပစ်ခံရလို့ အမျိုးသမီးတယောက် သေတယ်။ အမျိုးသား ၃ ယောက်က ဒဏ်ရာရတယ်။ ခုတော့ ပြည်သူတွေက စစ်ရေးအခြေအနေကို နားစွင့်ပြီး သွားလာနေရတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်း ဖားကန့် လုံးခင်းမြို့နယ်ထဲ ဝင်ရောက်လာကတည်းက စစ်ကြောင်းတလျှောက် ပစ်သတ်တာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေကြောင့် ပြည်သူ ၇၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၅၀ ကျော်အထိ ရှိလာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြိုအနီးတဝိုက်မှာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်နဲ့အတူ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ၃ လကျော်ရှိလာပြီဖြစ်ပြီး စစ်တပ်ကတော့ လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတွင်း မော်မောင်းလျန်ကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ကြောင်းတကြောင်း၊ ဆွတ်ငိုင်ယန်ကနေ မော်ဝမ်းကလေးဘက်ကို စစ်ကြောင်းတကြောင်း၊ ဆွတ်ဘွမ်(အမှိုက်ပုံ)ရွာကနေ ဖားကန့်သင်္ချိုင်းဘက်ကို စစ်ကြောင်းတကြောင်းနဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ရေးအရ အရေးပါတဲ့ မော်မောကုန်းနဲ့ လမောင်ကုန်းဘက်ကို တက်နိုင်ဖို့ ထိုးစစ်ဆင်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ်လဆန်းပိုင်းမှာ စစ်အင်အား ၃၀၀ နဲ့ ၅၀၀ ကြားရှိတဲ့ စစ်ကြောင်းတကြောင်း၊ ဩဂုတ် ၁၅ ရက်နောက်ပိုင်း စစ်အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်းတကြောင်း ကားမိုင်းကနေ ဖားကန့်မြို့အဝင် လမ်းပိုင်း အားလုံးကို စစ်အင်အားချထားပြီး စစ်တပ်က ဖားကန့်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခုကတည်းက စစ်အင်အားတိုးချဲ့ပြီး နေရာယူလာတဲ့ သဘော ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားပါတယ်။
ဟန်န